News

POST TYPE

LATEST NEWS POST

ဒုက္ခသည် ပြန်လည်လက်ခံရေးအစီအစဉ်ကို မြန်မာအစိုးရ၏နိုင်ငံရေးဝါဒဖြန့်မှုအဖြစ် ဘင်္ဂလားဒေ့ရှ်နှင့် ကုလသမဂ္ဂတို့ ရှုမြင်၊ ယင်းအမြင် မှားယွင်းကြောင်း ဦးဇော်ဌေး ရှင်းလင်း
17-Apr-2018 tagged as



ဘန်ကောက်၊ ဧပြီ ၁၇


ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့သည် မြန်မာအစိုးရ၏ဒုက္ခသည်များ ပြန်လည်လက်ခံပေးခြင်း အစီအစဉ်ကို နိုင်ငံရေးဝါဒဖြန့်မှုတစ်ခုအဖြစ် အပြစ်မြင်နေပြီး မြန်မာအစိုးရ၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကမူ ယင်းအမြင်မှာ မှားယွင်းကြောင်း၊ အစိုးရအနေနှင့် နိုင်ငံရေးဝါဒဖြန့်မှုအဖြစ် ယခုလုပ်ငန်းစဉ်ကို အသုံးချလုပ်ဆောင်နေခြင်းမဟုတ်ကြောင်း တုံ့ပြန်ရှင်းလင်းထားသည်ဟု ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။


ဘန်ကောက်ပို့စ်သည် ရိုက်တာသတင်းဌာန၏သတင်းကို ကိုးကား၍ ယခုသတင်းကို ရေးသားထားခြင်းဖြစ်ပြီး မြန်မာအစိုးရမှာ လွန်ခဲ့သည့်စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခိုလှုံနေခဲ့သော မိသားစုတစ်စုမှာ ဒုက္ခသည်များပြန်လည်လက်ခံပေးရေးအစီအစဉ်အရ မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့ပြီဟု သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။


မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ဒုက္ခသည်မိသားစုတွင် မိသားစုဝင်ငါးဦး ပါဝင်သည်ဟု မြန်မာအစိုးရက အသိပေးထားကာ ဘင်္ဂလားဒေ့ရှ်အစိုးရ၏ဒုက္ခသည်များကူညီကယ်ဆယ်ရေးနှင့် နေရာချထားရေးကော်မရှင်နာတစ်ဦးဖြစ်သူ အဘူးလ်ကာလမ်ကမူ လူဦးရေငါးဦးပါဝင်သည့် ယင်းမိသားစုမှာ နှစ်နိုင်ငံအကြားရှိ ကိုနာပါရာဧရိယာတွင် နေထိုင်သူများဖြစ်သည်ဟု အသိပေးထားသည်။


ဘင်္ဂလားဒေ့ရှ်အစိုးရအာဏာပိုင်များသည် မြန်မာအစိုးရက ဖွင့်လှစ်ထားသည့် တောင်ပြိုလက်ဝဲစခန်းသို့ ပထမဆုံးအသုတ်အဖြစ် ရောက်ရှိသွားခဲ့သော ယင်းမိသားစုငါးဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်းသို့ မည်သည့်အခါကမျှ ရောက်ရှိခဲ့ဖူးသူများမဟုတ်ဟု အတိအလင်း ပြောကြားထားပြီး ယခုကိစ္စကို ဒုက္ခသည် ပြန်လည်လက်ခံရေးအစီအစဉ် အစပြုခြင်းဟု အကောက်အယူလုပ်၍ မရနိုင်ကြောင်းလည်း ၎င်းတို့က ပြောကြားထားသေးသည်။


မြန်မာအစိုးရဘက်ကမူ တောင်ပြိုလက်ဝဲစခန်းသို့ ယခုရောက်ရှိလာသော မိသားစုဝင်ငါးဦးမှာ နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီးတွင် သောင်တင်နေသည့် ထောင်နှင့်ချီသောဒုက္ခသည်များအနက်မှဖြစ်သည်ဟု တုံ့ပြန်ရှင်းလင်းထားပြီး မြန်မာအစိုးရ၏ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက မြန်မာအစိုးရအနေနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေးအစီအစဉ်ကို ဝါဒဖြန့်မှုတစ်ရပ်အဖြစ် လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ ယခုရောက်ရှိလာသော မိသားစုဝင်ငါးဦးမှာ ၎င်းတို့၏ကိုယ်ပိုင်သဘောဆန္ဒသက်သက်ဖြင့် ပြန်လည်ဝင်ရောက်လာသူများသာဖြစ်ကြောင်း မှတ်ချက်ပေးထားသည်။


ကမ္ဘာ့ကုလသမဂ္ဂ၏ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးသည် တနင်္ဂနွေနေ့၌ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး တောင်ပြိုလက်ဝဲစခန်းသို့ ရောက်ရှိသွားသော မိသားစုဝင်ငါးဦးပါ ဒုက္ခသည်များကိစ္စကို ၎င်းတို့အနေနှင့် တစ်စုံတရာ သိရှိခြင်း မရှိသေးကြောင်း၊ ယခုကဲ့သို့ ဒုက္ခသည်များ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ရောက်ရှိသွားသည့်ကိစ္စရပ်တွင် ၎င်းတို့၏ပါဝင်ပတ်သက်မှုလည်း မရှိသေးကြောင်း ယင်းကြေညာချက်တွင် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အသိပေးထားသည်။


မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့သည် လွန်ခဲ့သည့်ဇန်နဝါရီလက ဒုက္ခသည်များ ပြန်လည်လွှဲပြောင်းရေးနှင့် ပြန်လည်လက်ခံရေးကိစ္စရပ်အတွက် နှစ်နိုင်ငံအကြား သဘောတူညီမှုများ ဆောင်ရွက်ခဲ့ပြီး ယင်းသဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသည့်ဒုက္ခသည်များကို မြန်မာက ၂ နှစ်အတွင်း ပြန်လည်လွှဲပြောင်းလက်ခံပေးသွားရမည်ဖြစ်သည်။


မြန်မာအစိုးရသည် လက်ရှိတွင် ရခိုင်ပြည်နယ်နယ်စပ်နေရာ၌ ဒုက္ခသည်များပြန်လည်လက်ခံရေးအတွက် စခန်းနှစ်ခု ဖွင့်လှစ်ထားပြီး ယင်းစခန်းနှစ်ခု၌ ပထမအသုတ်အဖြစ် ရောက်ရှိလာသူများကို လက်ခံပေးသွားမည်ဖြစ်ကြောင်း မြမန်မာအစိုးရက အသိပေးထားသည်။


  • TAGS