News

POST TYPE

LATEST NEWS POST

မုံရွာ ချင်းတွင်းမြစ် ဇက်ဆိပ်တွင် အလောင်းတစ်လောင်းထပ်တွေ့
16-Apr-2018 tagged as

မုံရွာ၊ ဧပြီ ၁၆

ချင်းတွင်းသင်္ကြန်ကျင်းပရာ မုံရွာမြို့ ဇက်ဆိပ်အနီး ချင်းတွင်းမြစ်အတွင်း ရေနစ်သေဆုံးနေသည့် အသက် ၁၇ နှစ် အရွယ် အမျိုးသားအလောင်းကို သင်္ကြန်အတက်နေ့ မွန်းလွဲပိုင်းက ထပ်မံ တွေ့ရှိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရသည်။

အင်းရွာသစ်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၁၇ နှစ်အရွယ်ရှိ သံပန်းသံတခါးလုပ်သား စန်းထက်နိုင်သည် ချင်းတွင်းသင်္ကြန်တွင်ရေကစားရာမှ ဧပြီ ၁၅ နေ့ မွန်းလွဲပိုင်းကတည်း ပျောက်သွားခဲ့ကြောင်း၊ မိဘများက ရဲစခန်းတွင် လူပျောက်တိုင်ထားခဲ့ရာမှ ယနေ့ မွန်းတည့် ၁၂ နာရီကျော်တွင် ဇက်ဆိပ်အနီး ချင်းတွင်းမြစ်အတွင်း အလောင်းပေါ်လာခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျင်စိန်က ပြောကြားသည်။

“ရေကစားရင်း ရေနစ်သေဆုံးတယ်။ ပြင်ပဒဏ်ရာမရှိဘူး သေမှုသေခင်းနဲ့အမှုဖွင့်ထားပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဇက်ဆိပ်ဝန်းကျင်သည် အန္တရာယ်ရှိဇုန်အဖြစ် သတ်မှတ်ထားပြီး ရေမချိုးရနေရာဖြစ်သော်လည်း ရေဆင်းကစားကြသောကြောင့် ယခုနှစ်သင်္ကြန်ကာလအတွင်း ရေနစ်သေဆုံးသူ သုံးဦးရှိပြီဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သင်္ကြန်တွင်းကာလ အကြိုနေ့မှ အတက်နေ့ မွန်းလွဲပိုင်းအထိ သေဆုံးသူပေါင်းရှစ်ဦးထိရှိနေပြီဟု မုံရွာဆေးရုံကြီး မှုခင်းမှတ်တန်းဌာနထံမှ သိရသည်။

R-08

  • TAGS