News

POST TYPE

LATEST NEWS POST

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ သင်္ကြန်အတက်နေ့တွင် မြို့နယ်ကိုးခု၌ ဖျော်ဖြေခွင့်မရ
16-Apr-2018 tagged as


ရန်ကုန်၊ ဧပြီ ၁၆

တကသကျောင်းသားများ ပါဝင်သော ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကိုသက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့များက တားမြစ်ထားသည့်အတွက် သင်္ကြန်အတက်နေ့တွင်ဖျော်ဖြေပေးရန် ဖိတ်ကြားထားသည့်မြို့နယ်ကိုးခု၌ ဖျော်ဖြေခွင့်မရခဲ့ကြောင်း သံချပ်အဖွဲ့ခေါင်းဆောင် ကိုပိုင်ရဲသူက ပြောကြားသည်။

“ကျွန်တော်တို့ကို အတက်နေ့မှာ ဖျော်ဖြေပေးဖို့ဖိတ်ထားတဲ့ မြို့နယ်ကိုးခုက ဖုန်းတွေဝင်လာတယ်။ လာမဖျော်ဖြေဖို့ ထွေအုပ်က လာတား ထားလို့ပြောကြတယ်။ ကျွန်တော်တို့ သံချပ်အဖွဲ့က စစ်တပ်ကိုဝေဖန်တဲ့စာသားတွေပါလို့ ထွေအုပ်ကလာတားမြစ်တာလို့ထင်တယ်”ဟု ၎င်းက ပြောဆိုသည်။

သာကေတ၊ ယုဇနဥယျဉ်မြို့တော်၊ သင်္ဃန်ကျွန်း၊ ဗိုလ်တစ်ထောင်၊ မင်္ဂလာဒုံအပါအ၀င် မြို့နယ် ကိုးခုတွင် တားမြစ်ခံရခြင်းဖြစ်သည်ဟု ကိုပိုင်ရဲသူက ရှင်းပြသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်များကို သံချပ်စာသားများထဲတွင် ထည့်သွင်းထားသည်။

“ထစ်ကနဲ့ဆို စစ်ကိုပြင် တကယ်ထိတာ ပြည်သူ့ရင်ဘတ်။ ငြိမ်းချမ်းရေးရဲနောက်ကွယ်မှာ ထိုးစစ်တွေက ၀ှက်ဖဲတွေ”စသည့် စာသားများအပါအ၀င် ပညာရေးကဏ္ဍတို့ကို သံချပ်စာသားများ ထည့်သွင်းဖျော်ဖြေနေခြင်းဖြစ်သည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့သည် ၂၀၁၂ ခုနှစ်ကစ၍ ရန်ကုန်သင်္ကြန်ပွဲတွင် ဖျော်ဖြေခဲ့ပြီး ပြည့်သူအသံကို အစိုးရသိစေရန် ဆင်ဆာမတင်ခဲ့သကဲ့သို့ ယခုနှစ်တွင်လည်း သံချပ်စာသားများကို ဆင်ဆာမတင်ခဲ့ပေ။

ဒေါင်းတို့ မျိုးဆက်သံချပ်အဖွဲ့သည့် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ၅၀ ဦးဖြင့်ဖွဲ့စည်းထားပြီး ယခုနှစ်တွင် ပြိုင်ပွဲဝင် မဏ္ဍပ်ငါးခု၌ ပြိုင်ပွဲဝင်ခဲ့ပြီး သင်္ကြန်အတက်နေ့တွင် ရန်ကုန်မြို့ ၅၂ လမ်းရှိ ငြိမ်းချမ်းမိခင်မဏ္ဍပ်တွင် ဖျော်ဖြေမည်ဖြစ်ကြောင်း ကိုပိုင်ရဲသူက ထပ်လောင်း ပြောကြားသည်။

J-18

  • TAGS