News

POST TYPE

LATEST NEWS POST

သင်္ကြန်အကြတ်နေ့တွင်လည်း ရန်ကုန်ဆေးရုံကြီးသို့ ထိခိုက်ဒဏ်ရာရသူ ၁၇၇ ဦးရောက်ရှိ
16-Apr-2018 tagged as ရန်ကုန်

ရန်ကုန်၊ ဧပြီ ၁၆

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ဧပြီလ ၁၅ ရက် (သင်္ကြန်အကြတ်နေ့)က ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၇၇ ဦး ရောက်ရှိခဲ့ကြောင်း ဆေးရုံအုပ် ဒေါက်တာခင်သင်္ဂီမြင့်က ပြောကြားသည်။

“သင်္ကြန်အကြတ်နေ့လည်း ထိခိုက်ဒဏ်ရာနဲ့ပက်သက်ပြီးတော့ သေဆုံးတဲ့လူနာ ရောက်လာတာမရှိဘူး”ဟု ၎င်းက ပြောဆိုသည်။

ထိခိုက်ဒဏ်ရာဖြင့် အရေးပေါ်ဌာနသို့ တင်ပို့ရသူများစာရင်းအရ ယာဉ်မတော်တဆမှု ၆၆ ဦး၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် အခြားမတော်တဆမှု ၁၁၁ ဦး ရှိကြောင်း ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနထံမှ သိရသည်။

ယင်းထိခိုက်ဒဏ်ရာရရှိမှု ပမာဏသည် ရန်ကုန်ဆေးရုံကြီး တစ်ခုတည်း၏ စာရင်းဖြစ်ပြီး ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) က ထိခိုက်ဒဏ်ရာရရှိသူ ၁၅၉ ဦးအနက် ယာဉ်မတော်တဆမှုကြောင့် တစ်ဦးသေဆုံးခဲ့ကာ ဧပြီ ၁၄ ရက် ( သင်္ကြန်အကျနေ့) ကလည်း ထိခိုက်ဒဏ်ရာကြောင့် ဆေးရုံရောက်လာသူ ၁၇၇ ဦးရှိခဲ့ကြောင်း ယင်းဆေးရုံကြီး လူနာမှတ်တမ်းများအရ သိရသည်။

သင်္ကြန်ကာလအတွင်း သွေးထွက်သံယိုကိစ္စနှင့် လူအစုလိုက်အပြုံလိုက် ထိခိုက်အန္တရာယ်ကြုံတွေ့ပါက အရေးပေါ် ကုသပေးနိုင်ရန် ၀န်ထမ်းအင်အားတိုးမြင့်ထားကြောင်း ရန်ကုန်တိုင်းကုသရေးဦးစီးဌာနထံမှ သိရသည်။

ယခင်နှစ်သင်္ကြန်တွင်းက ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကုသဌာနသို့ ထိခိုက်ဒဏ်ရာဖြင့် တက်ရောက်ကုသသူများအနက် သေဆုံးသူကိုးဦးခန့်ရှိကြောင်း ယင်းဆေးရုံမှတ်တမ်းများအရ သိရသည်။

J-17