News

POST TYPE

LATEST NEWS POST

၂၁ ရာစု ရေတိုက်ပွဲ
24-Mar-2018

မျက်မှောက်ကာလ ၂၁ ရာစုတွင် ရေတိုက်ပွဲ (သို့မဟုတ်) သန့်စင်သော ရေရရှိရေးအတွက် စိန်ခေါ်မှုများကို ကမ္ဘာအဝန်းတွင် မြင်တွေ့နေရသည်။ ယခုနှစ် မတ်လအစောပိုင်းရက်များတွင် တောင်အာဖရိကနိုင်ငံ၏ ရေအခက်အခဲကို စတင်တွေ့မြင်ခဲ့ရသည်။ ၂၀၁၈ ရေတိုက်ပွဲ၏ အစောဆုံး သတိပေးခေါင်းလောင်းသံလည်း ဖြစ်ခဲ့သည်။

ယခုလာမည့်ဧပြီလတွင် တောင်အာဖရိကနိုင်ငံရှိ ကိတ်ပ်တောင်းမြို့တွင် ရေပြတ်လပ်မှုကို အဆိုးရွားဆုံး ကြုံတွေ့ရမည်ဟုဆိုသည်။ ထိုဖြစ်စဉ်သည် တစ်သက်တစ်ခါ ကြုံရသောအဖြစ်အပျက်နှင့် အလားသဏ္ဌာန်တူသည်ဟု ဆိုကြသည်။ ထိုရေအခက်အခဲကြောင့် နိုင်ငံအတွင်း၌ ပန်းကန်ဆေးစက်၊ အဝတ်လျှော်စက်နှင့် ရေလောင်းအိမ်သာသုံးစွဲမှုတို့ကိုပါ ကြပ်မတ်ထိန်းသိမ်းရတော့မည်ဟု ဆိုထားသည်။

ယခုနှစ်မတ်လမှစတင်ကာ လူဦးရေ လေးသန်းကျော်နေထိုင်သော မြို့တော်၏ ရေသုံးစွဲမှုပမာဏကို ထက်ဝက်လျှော့ချရန် စီမံခဲ့ကြသည်။ ချိုးရေသုံးစွဲချိန် ငါးမိနစ်မှ နှစ်မိနစ်အထိ လျှော့ချခြင်း၊ အဝတ်လျှော်စက်၊ ပန်းကန်ဆေးစက်များသုံးစွဲမှုကို ရပ်ဆိုင်းခြင်းနှင့် အခြားသောရေသုံးစွဲမှု ပမာဏများကိုပါ လျှော့ချခြင်းဖြင့် ၂၀၁၈ ဧပြီလအတွင်း ရေလုံးဝပြတ်လပ်ခြင်း အခက်အခဲကို ယာယီကျော်လွှားနိုင်ရန် အပူတပြင်း ကြိုးစားနေကြရသည်။နိုင်ငံပိုင်ဆည်များမှ လာသောရေကို အစိုးရမှ ဖြန့်ဝေပေးနေသော ရေလုံးဝပြတ်တောက်မည့်နေ့ (Zero Day) ကို ၂၀၁၈ ဧပြီလမှ ၂၀၁၉ အထိ ဆိုင်းငံ့နိုင်ရန် မြို့တော်၏ရေသုံးစွဲမှုကို ကြပ်မတ်လိုက်ခြင်းလည်း ဖြစ်သည်။ မြို့တော်စည်ပင်သာယာရေး ကော်မတီမှ မြို့တော်သို့ ရေဖြန့်ဖြူးခြင်း လုံးဝရပ်တန့်သွားမည့်နေ့ (Zero Day) မှစကာ မြို့နေလူထုသည် ရေရရှိနိုင်သောနေရာများတွင် လူတစ်ဦးလျှင် တစ်နေ့စာသုံးစွဲမည့် ရေ ၂၅ လီတာစီကို နေ့စဉ် တန်းစီစောင့်ဆိုင်း ယူကြရမည်ဖြစ်သည်။ 

ထိုသို့ရေပေးဝေသော နေရာများတွင် လက်နက်ကိုင် လုံခြုံရေးများထားရှိကာ ရေကို စိစစ်ဖြန့်ဝေသွားမည်ဟုလည်း ဆိုသည်။ ဖြစ်နိုင်ခြေရှိသော (Zero Day) ကို ၂၀၁၈ ဧပြီလ ၂၂ ရက်နေ့ဟု ခန့်မှန်းထားကြသည်။ ယနေ့မှစရေတွက်သော် တစ်လတင်းတင်း ပြည့်မည့်နေပင် ဖြစ်သည်။ သို့ဖြစ်ရာ မတ်လအတွင်း မြို့တော်၏ ရေသုံးစွဲမှုနှုန်းကို လျှော့ချနိုင်ပါက ထိုအခက်အခဲကို ယာယီကျော်လွှားနိုင်မည်ဟု ယူဆကြသည်။

တောင်အာဖရိက၏ ရေအခက်အခဲ အကျပ်အတည်းသည် အခြားသောနိုင်ငံများကိုပါ သတိပေးတပ်လှန့်ပေးခြင်းလည်း ဖြစ်ချေသည်။ ရေပုံးကိုယ်စီဆွဲကာ ရေကန်များ၊ ရေတုံကင်များတွင် ရေတန်းစီနေရသော မြို့နေလူထု၏ အခက်အခဲသည် မျက်မှောက်ကာလတွင် ပထမဆုံးအကြိမ်မြင်တွေ့ရသော စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။

တောင်အာဖရိကနှင့်အလားတူ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် သောက်ရေသုံးရေ ရှားပါးမှုအခက်အခဲများကို မကြာခဏ မြင်ရကြားရသည်။ ရေထုညစ်ညမ်းမှု ကြုံတွေ့နေရသော မြစ်ချောင်း၊ အင်းအိုင်၊ ပင်လယ်သမုဒ္ဒရာများကို ထိပ်တန်းသတင်းများတွင် တွေ့မြင်နေရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းတွင် စက်ရုံအလုပ်ရုံများမှထွက်သော ရေဆိုးများ၏ ၇၀ ရာခိုင်နှုန်းသည် နီးစပ်ရာ မြစ်ချောင်း၊ ပင်လယ်သမုဒ္ဒရာတို့ကို ညစ်ညမ်းစေသည်ဟု ဆိုသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်မူ ရာနှုန်းပိုလေရာ ၈၀ ရာခိုင်နှုန်းသော ရေဆိုးတို့သည် ပတ်ဝန်းကျင်ရေထုကို ညစ်ညမ်းစေခဲ့သည်။ ထိုသို့ ညစ်ညမ်းလေပြီးသော ရေထုထဲတွင် ဓာတုအဆိပ်အတောက်များ ပါဝင်လေရာ ထိုရေကို သုံးစွဲကြသောလူနှင့် ရေထုအတွင်းရှိ ဇီဝမျိုးစိတ်များ အသက်ရှင်သန်ရေးအတွက် အခက်ကြုံရတော့သည်။

ရေတိုက်ပွဲ ရေအခက်အခဲဟုဆိုရာတွင် ကိုယ်တွေ့ မျက်မြင်မကြုံဖူးသူများအတွက် ထိုအရေးသည် သေရေးရှင်ရေးတမျှ အရေးမကြီးသောကိစ္စဟု ထင်မြင်ဖွယ်ရာရှိသည်။ သို့သော် ရေတိုက်ပွဲနွှဲနေရသော လူများကို မြန်မာနိုင်ငံ အနှံ့အပြားတွင်လည်း ပုံစံမျိုးစုံဖြင့်မြင်တွေ့နိုင်ပေသည်။ အထူးသဖြင့် နွေရာသီကာလတွင် မြန်မာပြည်အလယ်ပိုင်း မိုးနည်းရေရှားဒေသများတွင် ရေပြတ်လပ်မှု အခက်အခဲများကို ပိုမိုမြင်တွေ့လာရသည်။ လွန်ခဲ့သော ၂ နှစ်ခန့်က ရန်ကုန်မြို့အနီးဝန်းကျင်ရှိ မြို့နယ်အချို့တွင်ပင် ရေရှားပါးမှု အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည်။

ကျွန်မသည် ရန်ကုန်မြို့တွင် မွေးဖွားကြီးပြင်လာသူပီပီ ငယ်စဉ်ကတည်းက ရေအတွက် မပူပန်ခဲ့ရပါ။ သို့သော် ကျွန်မ၏ ပတ်ဝန်းကျင်တွင် ကိုယ်ပိုင်ရေပိုက် မသွယ်တန်းနိုင်သောသူများမှာ ရပ်ကွက်တွင်းရှိ အများသုံး ရေဘုံပိုင်များတွင် ရေသယ်ရေခပ် ရေချိုးအဝတ်လျှော်ကြရသည်ကို မြင်တွေ့ဖူးသည်။ နေ့စဉ်နေ့တိုင်း မိသားစုသုံးရန် ရေကို ခါးချည့်အောင် ထမ်းပိုးခဲ့ရသော သူငယ်ချင်းများကို တွေ့ခဲ့ဖူးသည်။

ရံဖန်ရံခါ ဂျိုးဖြူရေပိုက်လိုင်း ထိန်းသိမ်းပြုပြင်ရေးကြောင့် ရေမရနိုင်သောနေ့ရက်များတွင် ရေဒုက္ခကို ကိုယ်တွေ့မျက်မြင်ကြုံတွေ့ရသည်။ ထိုသို့သောအချိန်များတွင် အခြားရပ်ကွက်များ၊ ဘုန်းကြီးကျောင်းများတွင်ရှိသော ရေတွင်းများသို့ ဝေးဝေးလံလံသွားကာ ရေသုံးကြရသည်။ သောက်ရေနှင့် နေ့စဉ်ချက်ရေးပြုတ်ရေးအတွက် လိုအပ်သောရေများကို ဝေးလံသောနေရာများမှ သယ်ပိုးစုဆောင်းကာ သုံးကြရသည်။ ရေပြတ်လပ်သောနေ့များတွင် ရေကို မထိရက်မတို့ရက် ချွေချွေတာတာ သုံးခဲ့ရသည်။

ရေရှားပါးသော နယ်ရှိဆွေမျိုးများထံ သွားလည်ချိန်တွင်လည်း အလားတူ ရေအခက်အခဲများကို ကြုံတွေ့ရပြန်သည်။ ရေတင်ကားကြီးများက လာရောက်ရောင်းချသောရေများသည် အိမ်တွင် ထမင်းဟင်းချက်ရန်နှင့် သောက်သုံးရန်သာဖြစ်လေရာ အဝတ်လျှော်ခြင်း၊ ရေချိုးခြင်းကိစ္စများအတွက် အများသုံး ရေတွင်းများဆီသို့ နေ့စဉ်လိုလို ရောက်ရသည်။ နွေကာလများတွင် ရေတွင်း၏အောက်ခြေကို မြင်ရသည်အထိ ရေခန်းနေသည်ကိုလည်း ကြုံခဲ့ရသည်။ ရေခန်းနေချိန်တွင် ရေတွင်းမှ ရေငင်ရသည်မှာ ပိုပင်ပန်းလှသည်။

ထိုထိုသော ရေအခက်အခဲအချို့ကို ငယ်စဉ်ဘဝက ရံဖန်ရံခါသာ ကြုံဖူးတွေ့ဖူးခဲ့သည်။ သို့သော် ကိုယ်တိုင်ကိုယ်ကျ ရေတွင်းမှ ရေငင်ဖူးသူ ဖြစ်ရာ ရေတစ်ခွက် ရေတစ်ပုံးအတွက် ချွေးပြိုက်ပြိုက်ကျခဲ့ရသော အတွေ့အကြုံကို ကောင်းစွာနားလည်ခဲ့ရသည်။

တစ်ခါတစ်ရံ အိမ်ရှိရေပိုက်များကို ကောင်းစွာမပိတ်မိသောကြောင့် ရေတပေါက်ပေါက်ကျနေချိန်တွင် အဘွားက ဆူပူလေ့ရှိသည်။ ရေတစ်စက် တစ်ပေါက်ချင်း၏တန်ဖိုးကို ရေငတ်ချိန်တွင်သာ နားလည်မည်ဟု တစ်ချိန်လုံး မြည်တွန်နေတတ်သည်။ ထိုစဉ်က အဘွားပြောလေ့ရှိသော ရေတစ်စက်ချင်း၏တန်ဖိုးကို ကောင်းစွာမသိခဲ့ပါ။

ရန်ကုန်သူပီပီ ရန်ကုန်မြို့၏ ဂျိုးဖြူရေကြည်ကြည်များဖြင့် ရင်းနှီးခဲ့သူဖြစ်လေရာ မြန်မာပြည်တွင်းရှိ အခြားမြို့များတွင်နေရသော အချိန်များ၌ ရေဒုက္ခများကို ကြုံခဲ့ရဖူးသည်။ နေ့စဉ်သုံးစွဲနေရသော ရေချိုးကန်ကြီးထဲ မှ အဝီစိတွင်းရေများက အုတ်နီခဲရောင်ထနေလေရာ မျက်နှာသစ်၊ သွားတိုက်၊ ခေါင်းလျှော်ရန် အခက်ကြုံခဲ့ရဖူးသည်။ ထိုကာလများတွင် နေ့စဉ်ထိတွေ့ နေရသောရေသည် အရောင် အဆင်း အနံ့ အရသာအားလုံး ကျွန်မသုံးဖူးသောရေနှင့်မတူ သီးခြားခွဲထွက်နေခဲ့သည်။ ထိုရေကန်ကြီးများကို မြင်ရလေတိုင်း ငိုချင်စိတ်ဖြစ်ခဲ့ဖူးသည်။ ရေရှားပါးသော အရပ်ဒေသများသို့ ရောက်လေတိုင်း ရေပိုက်ကိုဖွင့်ကာ အားရပါးရ ရေသုံးတတ်သော ကျွန်မသည် ဒုက္ခကြုံရစမြဲဖြစ်သည်။ တစ်ခွက်ချင်း တစ်ပုံးချင်း တိုင်းတာကာ သုံးရသောရေကို အဆင်ပြေအောင် မသုံးတတ်ခဲ့ပါ။ 

ရေကို အတိုင်းအထွာဖြင့် မသုံးရသောနေရာတွင် နေထိုင်ခွင့်ရပြန်လေသော် နေ့စဉ်ပုံမှန် သုံးမြဲအတိုင်း စိတ်ချမ်းသာစွာ သုံးစွဲမိသည်။ မျက်နှာသစ်စဉ်၊ သွားတိုက်စဉ် ရေပိုက်ကိုဖွင့်ကာ သုံးမိခြင်းမျိုး အိုးခွက်ပန်းကန် ဆေးချိန်၊ ဟင်းသီးဟင်းရွက် ဆေးကြောချိန်တွင် ရေပိုက်ကို အဆက်မပြတ် ဖွင့်ထားမိခြင်းမျိုးသာဖြစ်သည်။ ဆင်ခြင်မှုကင်းမဲ့သော သုံးစွဲခြင်းမျိုးတော့ မဟုတ်။ အများနှင့်နေထိုင်ရသော လူနေမှုစနစ်အောက်တွင် ရံဖန်ရံခါ၌ အံ့အားသင့်စေသော လူတို့၏အပြုအမူများကို ကြုံတွေ့ရသည်။

ခြေအိတ်တစ်စုံလျှော်ရန် တစ်နာရီကြာအောင် လည်ပတ်ရသော အဝတ်လျှော်စက်ကို အသုံးပြုသူများ အင်္ကျီတစ်ထည်လျှော်ရန် အဝတ်လျှော်စက်ကို အသုံးပြုသူများကို တွေ့ရသော အခိုက်အတန့်များပင်ဖြစ်သည်။ အဝတ်လျှော်စက်တစ်လုံး တစ်ကြိမ်လည်ပတ်ရန် လိုအပ်သော အနည်းဆုံး ရေပမာဏမှာ ၁၈ လီတာမှ ၅၀ လီတာအထိဖြစ်ပြီး အများဆုံးလိုအပ်သော ရေပမာဏမှာ ၁၁၃ လီတာဖြစ်သည်။ အင်္ကျီတစ်ထည်လျှော်ရန် သတိလက်လွတ်သုံးစွဲနေသော ထိုရေပမာဏသည် မျက်မှောက်ကာလတွင် ရေအကျပ်အတည်းနှင့် ရင်ဆိုင်နေရသောဒေသ၌ လူနှစ်ဦးမှ လေးဦးအထိ တစ်နေ့စာ အထွေထွေသုံးစွဲနိုင်သည့် ရေပမာဏပင်ဖြစ်သည်။

ကျွန်မ နေထိုင်လျက်ရှိသော ယူအေအီးနိုင်ငံ၏ ရေသုံးစွဲမှုအကြောင်းကို သတင်းစာတစ်စောင်တွင် ဖတ်ရသောအခါ ရေအသုံးကြမ်းသူတို့၏ သဘာဝကို မျက်ဝါးထင်ထင် သဘောပေါက်စပြုလာသည်။ အမှန်စင်စစ် ယူအေအီးနိုင်ငံတွင် လျှပ်စစ်နှင့်ရေမီတာကို ဈေးကြီးပေးသုံးရသည်ဟု အများက နားလည်ထားကြသည်။ သို့သော် အဝတ်လျှော်စက် ချိုးရေနှင့် သုံးရေတို့ကို အလွန်အကျွံသုံးကြသော သဘောကိုတွေ့ရသည်။

နိုင်ငံတကာတွင် နေ့စဉ်လူတစ်ဦးချင်း၏ ပျမ်းမျှရေသုံးစွဲမှုသည် ရေလီတာ ၁၇၀ မှ ၃၀၀ လီတာသာရှိသည်။ ယူအေအီးနိုင်ငံတွင်မူ လူတစ်ဦး၏ တစ်နေ့တာ ရေသုံးစွဲမှုသည် ၅၅၀ လီတာရှိနေခဲ့သည်။ သို့သော် ကမ္ဘာပေါ်တွင် တစ်ဦးချင်းရေသုံးစွဲမှု အများဆုံးနိုင်ငံသုံးနိုင်ငံမှာ အမေရိကန်၊ ဂရိနှင့် မလေးရှားနိုင်ငံတို့ဖြစ်ကြသည်။

ခေတ်သစ်လူနေမှုပုံစံအရ အဝတ်လျှော်ခြင်းနှင့် အိမ်သာသုံးခြင်းတို့တွင် ရေကို အများဆုံးသုံးကြရပြီး ရေချိုးရန်အတွက် ရေသုံးစွဲမှုမှာ တတိယနေရာတွင် ရှိနေသည်။ လူတစ်ဦး ရေငါးမိနစ်ချိုးရန်အတွက် ပျမ်းမျှရေသုံးစွဲမှုမှာ ၈၀ လီတာရှိပြီး အများဆုံးသုံးစွဲမှုမှာ ၁၃၆ လီတာအထိ ရှိတတ်သည်။

ယူအေအီးနိုင်ငံရှိ အချို့သောမိသားစုများသည် ရေနှင့်မီးသုံးစွဲမှုကို စနစ်တကျ ချွေတာသုံးစွဲကြသည်ကို မြင်တွေ့ရသည်။ သို့သော် ထိုသို့ စည်းကမ်းကောင်းလှသော မိသားစုအရေအတွက်မှာ အနည်းငယ်သာရှိသည်။ တစ်ခါက အိမ်ငှားရန် သွားရောက်မေးမြန်းကြသော မိတ်ဆွေများကို အိမ်ရှင်ဖြစ်သူက အဝတ်လျှော်ခြင်း၊ မီးပူတိုက်ခြင်း၊ ထမင်းဟင်းချက်ပြုတ်ခြင်း အစီအစဉ်အသေးစိတ်ကို မေးမြန်းသည်ကို ကြုံဖူးခဲ့သည်။ အဝတ်လျှော်ခြင်း၊ မီးပူတိုက်ခြင်းများကို တစ်ပတ်တစ်ကြိမ် သို့မဟုတ် နေ့စဉ်လုပ်ပါသလားဟု မေးမြန်းခြင်းဖြစ်သည်။ အင်္ကျီတစ်ထည်၊ ဘောင်းဘီတစ်ထည်တည်းဖြင့် အဝတ်လျှော်စက်သုံးစွဲနေသူများကို တွေ့ဖူးကြသောအိမ်ရှင်များဟု ထင်မှတ်ယူဆရပါသည်။

ရေပိုက်မှကျလာသောရေကို အလျှံပယ် သုံးနိုင်သူများအတွက် ရေအသုံးများခြင်း၊ ရေအလေအလွင့်များခြင်းအတွက် ဂရုစိုက်ရန်မလိုလှပါ။ မနက်အိပ်ရာထသည်မှစကာ အိပ်ရာဝင်ချိန်အထိ သောက်ရေ သုံးရေအတွက် သောကမရှိပဲနေနိုင်သူများသည် ရေကန်အသင့် ကြာအသင့်နေနိုင်သူများသာ ဖြစ်သည်။ မြန်မာနိုင်ငံရှိ ကျေးလက်နေလူတန်းစားများကဲ့သို့ သောက်ရေ သုံးရေအတွက် နေပူစပ်ခါးတွင် ရေအလှူရှင်ကို မျှော်နေရသောဒုက္ခမျိုးကို မြင်ဖူးသူနည်းလှသည်။ မကွေးတိုင်းဒေသကြီးရှိ ကျေးရွာအချို့တွင် နွေဦးကာလမှစတင်ကာ သောက်သုံးရေ အခက်အခဲများကို စတင်မြင်တွေ့နေရသည်။ အလှူရှင်များမှ လာရောက်လှူဒါန်းသော ရေကားများကို မျှော်နေကြသည်။ ထိုအခက်အခဲသည် နွေကာလအစမှအဆုံးအထိ နေ့စဉ်ကြုံတွေ့ရမည့် အခက်အခဲပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် အဓိက ရေအခက်အခဲဖြစ်နေသော နေရာများစွာရှိသည်။ မကွေးတိုင်းဒေသကြီးရှိ ကျေးရွာအချို့လည်း ပါဝင်သည်။ မကွေးတိုင်းအတွင်းရှိ အချို့ကျေးရွာများသည် ရေရရှိရန် နှစ်မိုင်ကျော်ဝေးသော ဒေသများအထိ အကူးတကသွားရသည်လည်း ရှိသည်။ အညာကျေးလက်ဒေသ အချို့တွင် ကွင်းခေါင်ခေါင်ရှိ လက်ယက်တွင်း သဲတွင်းများတွင် ရေမှုတ်ဖြင့် တစ်မှုတ်ချင်း ရေစုဆောင်းနေရဆဲပင်ဖြစ်သည်။

ရေတိုက်ပွဲဟူသော ခေါင်းစဉ်အောက်တွင် ကမ္ဘာကြည့်ကြည့်မြင် မည်ဆိုပါက ကမ္ဘာတစ်ဝန်းလုံးတွင် ရေရှားပါး ပြတ်တောက်မှုများရှိနေခဲ့သည်။ ဘရာဇီး၊ အီရန်၊ အိန္ဒိယ၊ အမေရိကန်၊ တရုတ်၊ ဂျော်ဒန်၊ တောင်အာဖရိကနှင့် လစ်ဗျားနိုင်ငံတို့သည် ရေရှားပါးမှုအခက်အခဲများကို စတင် ကြုံတွေ့နေရသော နိုင်ငံများပင်ဖြစ်သည်။

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၄၃ နိုင်ငံတွင် လူသန်းပေါင်း ၇၀၀ တို့သည် ရေရှားပါးပြတ်တောက်မှုဒဏ်ကို ခံစားနေကြရသည်။ ကမ္ဘာ့လူဦးရေ၏ ခြောက်ပုံတစ်ပုံမှာ သန့်ရှင်းသော သောက်သုံးရေအခက်အခဲနှင့် ရင်ဆိုင်နေကြရသည်။

နှစ်စဉ်နှစ်တိုင်း အသက်ငါးနှစ်အောက် ကလေးငယ် နှစ်သန်းခန့်သည် မသန့်ရှင်းသောရေမှတစ်ဆင့် ကူးစက်သောရောဂါများကြောင့် အသက်ဆုံးရှုံးလျက်ရှိသည်။

သို့ဖြစ်လေရာ ရေအခက်အခဲ အကျပ်အတည်းများ ရင်ဆိုင်ကြုံတွေ့လာရချိန်တွင် ထိုအခက်အခဲများကို ဖြေရှင်းနိုင်ရန် အဖြေများရှာကြရသည်။ သန့်စင်သော သောက်ရေ သုံးရေ ရှားပါးပြတ်တောက်ခြင်းသည် ရေထုညစ်ညမ်းမှုနှင့် တိုက်ရိုက်စပ်ဆိုင်လေရာ ထိုအခြေအနေများကို ထိန်းသိမ်းရန်ပါ အပူတပြင်း အဖြေထုတ်ကြရသည်။

သန့်ရှင်းသောရေ ရှားပါးလာသည်။ သန့်ရှင်းသော မြစ်ချောင်းအင်းအိုင်များ ရှားပါးလာသည်။ ကမ္ဘာကြီးပူနွေးလာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းကြောင့် ရေတွင်းရေကန်များ ခန်းခြောက်ခြင်းအခက်အခဲများကိုပါ ရင်ဆိုင်လာကြရသည်။ ရေပြဿနာသည် နွေကာလတိုင်း အဖြေရှာနေရသော ပြဿနာတစ်ရပ်ပင်ဖြစ်သည်။ ရေ၏တန်ဖိုးကိုလည်း ထိုသို့ ရေပြတ်တောက်သော အချိန်ရောက်မှသာ မျက်ဝါးထင်ထင် သိမြင်ကြရစမြဲ။

၂၀၁၈ အစောပိုင်းကာလတွင် ရေ၏တန်ဖိုးကို ပထမဆုံး သိခွင့်ရလိုက်သော တောင်အာဖရိကနိုင်ငံ၏ အဖြစ်အပျက်သည် ကျွန်မတို့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာကြီးကို သတိပေးလိုက်ခြင်းဖြစ်ပေရကား ရေသုံးစွဲသူများအနေနှင့် သတိထားဆင်ခြင်စရာ ဖြစ်လာပြန်သည်။

မိမိတို့ နေ့စဉ် ရေသုံးစွဲနေသောပုံစံကို ဂရုစိုက်ဆင်ခြင်ခြင်းသည်လည်း အဖြေတစ်ခုပင်ဖြစ်ပေမည်။ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးလေတိုင်း မလိုအပ်သောအချိန်တွင် ရေပိုက်ခေါင်းများ ပိတ်ထားခြင်း၊ အဝတ်လျှော်စက်၊ ပန်းကန်ဆေးစက်များကို ဂရုတစိုက်သုံးစွဲခြင်း၊ မိမိပတ်ဝန်းကျင်ရှိ ရေထုညစ်ညမ်းစေသောအရာများကို ဂရုပြုရှောင်ရှားခြင်းသည်လည်း ကြီးစွာသော အကူအညီအထောက်အပံ့ ဖြစ်စေနိုင်သည်။ အိမ်တွင်အသုံးပြုနေသော ရေပန်းများကို လဲလှယ်တပ်ဆင်ခြင်း၊ ရေလောင်းအိမ်သာရှိ ရေဆွဲကန်ကို ပြန်လည်ချိန်ညှိခြင်း၊ မီးဖိုချောင်တွင် ဟင်းသီးဟင်းရွက်ဆေးသော ရေများကို အိုးခွက်ပန်းကန်ဆေးရာတွင် ပြန်လည်အသုံးပြုခြင်းဖြင့်လည်း ရေသုံးစွဲခြင်းကို လျှော့ချနိုင်ပါသည်။

Water stressed, water challenges,water crisis ဟု တင်စားနေရသော ရေအခက်အခဲကို သတိပြုမိသူတိုင်း တကိုယ်စာ ရေသုံးစွဲမှုကို ဂရုပြုသင့်လှပါပေသည်။

နှင်း (မာယာ)