News

POST TYPE

LATEST NEWS POST

Star Team အထည်ချုပ်စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းမှု ပြေလည်မှုရ
23-Mar-2018

ရန်ကုန်၊ မတ် ၂၂

လှိုင်သာယာစက်မှုဇုန် (၁)၊အမှတ် (၄) ဦးရွှေမြူလမ်းရှိ Star Team အထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုးဦး အလုပ်ထုတ်ခံရသည့်အတွက် ယင်းစက်ရုံက အလုပ်သမား ၂၅၂ ဦး စက်ရုံရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့ရာ မတ်လ ၂၂ ရက်တွင် အလုပ်ရှင် အလုပ်သမား ပြေလည်မှု ရရှိခဲ့ကြောင်း အဆိုပါစက်ရုံမှ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုတင်လင်းရှိန်က ပြောကြားသည်။

“ဒီနေ့ မွန်းလွဲ ၂ နာရီမှာ အလုပ်ရှင်နဲ့ညှိတာ ပြေလည်မှုရတယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့ ၁၁ ချက်လည်း သဘောတူညီမှုရတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၉ ယောက်လည်း မနက်ဖြန် အလုပ်ပြန်ဝင်ရမယ်”ဟု ၎င်းကဆိုသည်။

အဆိုပါစက်ရုံမှ အလုပ်သမား ကိုးဦးသည် အချိန်ပို အလုပ်မဆင်းသည့်အတွက် အလုပ်ရှင်က ဖေဖော်ဝါရီလ ၂၀ ရက်က အလုပ်က ထုတ်ပယ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ထိုသို့အလုပ်က ထုတ်ပယ်ခံရပြီး နောက်ပိုင်း မတ်လ ၁၉ ရက်မှစတင်ကာ အလုပ်သမားများက စက်ရုံရှေ့တွင် အလုပ်သမားကိုးဦးကို အလုပ်ပြန်ခန့်ရေး၊ အချိန်ပိုအလုပ်မဆင်းပါက ရက်မှန်ကြေး ဖြတ်တောက်ခြင်း မပြုရန်၊ စက်ရုံအတွင်း အိမ်သာ အလုံအလောက်မရှိခြင်း၊ ထမင်းစားခန်းနေရာ အကျပ်အတည်း ဖြစ်နေခြင်း၊ စက်ရုံအတွင်း ဆေးခန်းတွင် ဆေးအလုံအလောက် မရှိခြင်းတို့ အပါအဝင် အချက် ၁၁ ချက်ကို သုံးရက်ကြာ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

အလုပ်သမားများ တောင်းဆိုချက်များကို မတ်လ ၂၂ ရက် လှိုင်သာယာ အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းမှုပြေလည်မှုရရှိခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၄ ရက်တွင် အလုပ်က ထုတ်ပယ်ခံထားရသည် အလုပ်သမား ၉ ဦး အပါအဝင် ဆန္ဒပြ အလုပ်သမားများ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

အဆိုပါစက်ရုံမှာ နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၄၀၀ ခန့် ဝင်ရောက် လုပ်ကိုင်လျက်ရှိသည်။

J-18