News

POST TYPE

LATEST NEWS POST

အမ်းတွင် တောင်သူများ ဆန္ဒပြ
23-Mar-2018

စစ်တွေ၊ မတ် ၂၂ 

ရခိုင်ပြည်နယ် အမ်းမြို့၌ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းကြောင့် ပျက်စီးခဲ့သော မြေယာများအတွက် လျော်ကြေးငွေ အပြည့်အဝမရှိဟုဆိုကာ တောင်သူ ၇၀၀ ခန့်က မတ်လ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

ပိုက်လိုင်းစီမံကိန်းကြောင့် နစ်နာသော တောင်သူများ လျော်ကြေးရရှိစေရန် ပြည်နယ်အစိုးရက မြေယာနှင့် သီးနှံတွက်ချက်မှု ကော်မတီ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းကော်မတီကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် CNPC ကုမ္ပဏီတို့က စာရင်းများမပေး၊ တောင်သူများ နစ်နာကြေးမရသေးသဖြင့် ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ ဦးဝဏ္ဏစောက ပြောကြားသည်။ 

“သူတို့က တချို့နေရာမှာ သီးနှံလျော်ကြေးပေးတာတောင် အပြည့်အဝ မပေးသေးဘူး။ အများဆုံးကတော့ ဘာလျော်ကြေးမှ မရကြတာ။ တောင်သူတွေမှာ ပိုင်ဆိုင်မှု အထောက်အထားရှိပေမယ့် လက်ထဲကို လျော်ကြေးမပေးသေးဘဲ သူတို့က ဘဏ်မှာထားတာတွေ ရှိတယ်။ တချို့မြေယာဆိုရင် တောရိုင်းလို့ သတ်မှတ်လိုက်တာတောင် ခံနေရတယ်”ဟု ၎င်းကဆိုသည်။ 

ဆန္ဒထုတ်ဖော်မှုကို မြို့နယ်မြေယာနှင့် သီးနှံတွက်ချက်မှု ကော်မတီနှင့် တောင်သူများ ပူးပေါင်းကာ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း၊ ဆန္ဒပြသူများက MOGE အလိုမရှိ၊ CNPC ကုမ္ပဏီ အလိုမရှိ၊ ရေနံပိုက်လိုင်း စီမံကိန်းကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးပျက်စီးသော တောင်သူများ၏ နစ်နာလျော်ကြေးငွေ အပြည့်အဝပေးရေးတို့ကို ကြွေးကြော်ကာ ဆန္ဒပြခဲ့သည်။ 

အဆိုပါမြို့နယ်ကော်မတီသို့ စာရင်းဇယားများ ပေးထားပြီး မြေယာလျော်ကြေးကိုလည်း တောင်သူတစ်ဦး မကျန်ကို လျော်ကြေးများ ရှင်းလင်းပေးထားကြောင်း၊ MOGE မှ ယခင်ပိုက်လိုင်း အင်ဂျင်နီယာတစ်ဦးက ပြောဆိုသည်။

“ပေးတာမှာ လျော်ကြေးကို သူ့ဟာနဲ့သူ အကုန်လုံး စာရင်း အတိအကျ အကုန်လုံး ပေးထားတာ။ ပေးထားတာ ကြာတောင်ကြာပြီး မရဘူးဆိုတဲ့သူက ရှိကို မရှိတာ။ အဲဒီမှာတစ်ခု ပိုက်လိုက် စီမံကိန်းလုပ်တုန်းက မြေကွက်ငှားသုံးတဲ့ ဟာလေးပဲ လျော်ကြေး မပေးရသေးတာ ရှိတယ်”ဟု ၎င်းက ပြောကြားသည်။ 

မြေကွက် ငှားရမ်းအသုံးပြုခဲ့သူများကို လျော်ကြေးငွေ ပေးမည့်အချိန်၌ မြေယာပိုင်ရှင်သစ်များ ပေါ်ပေါက်လာ၍ လျော်ကြေးငွေကို မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားကြောင်း၊ ၎င်းတို့၏ မြေယာပြဿနာဖြေပြီး၍ မြေယာပိုင်ရှင် အစစ်ပေါ်ပေါက်လာလျှင် လျော်ကြေးငွေ ထုတ်ယူနိုင်ကြောင်း ၎င်းကရှင်းပြသည်။

ဆန္ဒဖော်ထုတ်ပြီး ၁၀ ရက်အတွင်း ပူးပေါင်း ဆောင်ရွက်ခြင်းမရှိပါက အမ်းမြို့နယ် တောင်ခြေရင်း၌ အခြေစိုက်ထားသော ၎င်းတို့စခန်းရှေ့၌ လမ်းများပိတ်ဆို့ကာ ထိုင်သပိတ်စခန်း ဖွင့်သွားမည်ဖြစ်ကြောင်း ဆန္ဒပြသူတစ်ဦးက ပြောဆိုသည်။

R-22