News

POST TYPE

LATEST NEWS POST

တောင်ငူပေါ်တော်မူဘုရားဝင်းရှိ ဈေးဆိုင်ခန်းပိုင်ရှင်များကို တရားစွဲဆိုမည်
23-Mar-2018 tagged as တောင်ငူ

တောင်ငူ၊ မတ် ၂၂

ပဲခူးတိုင်း တောင်ငူမြို့နယ် အမှတ် (၉) ရပ်ကွက် ရန်ကုန်-မန္တလေးလမ်း ဟောင်းဘေးရှိ ပေါ်တော်မူ ဘုရားဝင်းအတွင်း နှစ်ပေါင်းများစွာ ဈေးဆိုင်ခန်း ဖွင့်လှစ်လုပ်ကိုင်နေကြသည့်အပြင် ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့၏ အမိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ဆိုင်ခန်းပိုင်ရှင် များကို ဥပဒေအရ တရားစွဲဆိုမည်ဖြစ်ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒီပြဿနာက တစ်နှစ်ကျော် ၂ နှစ်လောက် ရှိနေပြီ။ တိုင်းအစိုးရအဖွဲ့ဆီကို ဒေသန္တရ အမိန့်ထုတ်ပြန်တားမြစ်ဖို့ တောင်းခံတာ ရခဲ့လို့ဆိုင်ခန်းတွေမှာ အမိန့်ကြေညာ စာကပ်ခဲ့တာလည်း တစ်လနဲ့တစ်ရက် ရှိနေပါပြီ။ ဒါကြောင့် မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ တရားစွဲဆိုသွားပါမယ်”ဟု ၎င်းကပြောကြားသည်။

တောင်ငူမြို့နယ် ဒေသန္တရ အမိန့်ထုတ်ပြန်ချက် စာရွက်ကို ဆုတ်ဖြဲခဲ့ခြင်းနှင့် ဒေသန္တရအမိန့်ကို လိုက်နာဆောင်ရွက်ခြင်း မပြုသည့်အတွက် တောင်ငူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက တရားစွဲဆိုပိုင်ခွင့်ရှိကြောင်း တောင်ငူမြို့နယ် ဥပဒေရုံးမှ ဥပဒေအရာရှိတစ်ဦးက ပြောကြားသည်။

“ကျွန်မတို့ဘက်က အကြိမ်ကြိမ် တိုင်ကြားထားသလို ဆန္ဒဖော်ထုတ်မှုလည်း လုပ်ပြီးပြီ။ အလှူရှင်တစ်ဦးက မြေကြီးနဲ့ သဲတွေလှူလို့ မြေချထားတာကို ရန်ပြုတယ်။ မြို့နယ်ကတားထားလို့ ကျွန်မတို့ မလုပ်တာ။ အုပ်ချုပ်ရေးကသာ မတားရင် ကျွန်မတို့ ရပ်ကွက်ထဲက လူတွေက ဇွတ်အတင်းဝင်ဖျက်လိုက်ပြီ”ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

မတ်လ ၁၀ ရက်နေ့နံနက်ပိုင်းက ဘုရားဝင်းအတွင်း သဲကျောက်ပုံသည့် ကိစ္စနှင့်ပတ်သက်ပြီး အဆိုပါဝင်းအတွင်းက လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းပိုင်ရှင်နှင့် ဒေသခံအချို့ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည့်အတွက် တောင်ငူမြို့မရဲစခန်းမှ လာရောက်ဖြေရှင်းပေးခဲ့ရသေးပြီး မတ်လ ၂၂ ရက်နေ့က အုပ်ချုပ်ရေးမှူးရုံးတွင် တာဝန်ရှိသူများက ဘုရားဂေါပကအဖွဲ့နှင့် ဒေသခံအချို့ကို ခေါ်ယူတွေ့ဆုံခဲ့သည်။

ယင်းကဲ့သို့ဈေးဆိုင်ခန်းများ အခကြေးငွေဖြင့် ငှားရမ်းထားသည့်ကိစ္စ၊ ဖယ်ရှား ရှင်းလင်းပေးရန် ညွှန်ကြားထားသည့် ကိစ္စများနှင့်ပတ်သက်ပြီး ပေါ်တော်မူဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌဟောင်း ဦးတင်ငွေနှင့် ဈေးဆိုင်ခန်းပိုင်ရှင်ဖြစ်သူကို ဆက်သွယ် စုံစမ်းမေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

ပေါ်တော်မူဘုရားကို လွန်ခဲ့သည့် အနှစ်၂၀ ကျော်ခန့်က တပ်မတော်အစိုးရလက်ထက် တောင်ငူခရိုင်ငြိမ်ဝပ်ပိပြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး မျိုးတင့်က ဦးဆောင်တည်ထားကိုးကွယ်ခဲ့ပြီး ယခင်က ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သော်လည်း ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခွင့်ပြုခဲ့သည့် အချိန်မှစတင်ပြီး ဘုရားပွဲတော် မဖြစ်မြောက်တော့ကြောင်း ဒေသခံများထံမှ သိရသည်။

R-15