News

POST TYPE

LATEST NEWS POST

ရန်ကုန်-မန္တလေး လမ်းဟောင်း၌ တစ်ရက်တည်း ယာဉ်မတော်တဆမှုနှစ်ခါဖြစ်၊ နှစ်ဦးသေ
21-Mar-2018
တောင်ငူ၊ မတ် ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်များရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် မတ်လ ၁၉ ရက်နေ့ ညနေနှင့် ညပိုင်းများတွင် ဆိုင်ကယ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားရာမှ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း ယင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မောင်ထက်မင်းအောင် (၁၅ နှစ်) မောင်းနှင်ပြီး နောက်မှ ဒေါ်ယုဝါ (၃၃ နှစ်) လိုက်ပါလာသည့် ဆိုင်ကယ်သည် ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း တောင်ငူဘက်မှ အုတ်တွင်းဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင် ၁၆၇ နားရှိ ချိုင့်ခွက်အတွင်းသို့ ဆိုင်ကယ်ကို မောင်းနှင်မိစဉ် နောက်မှ အစ်မဖြစ်သူ ပြုတ်ကျသေဆုံးခဲ့ရကြောင်း၊ အဆိုပါနေ့ ည ၁၀ နာရီ ၂၀ မိနစ်ခန့်က ရေတာရှည်မြို့နယ် မြို့လှမြို့ ချောင်းမကြီး ၂ ရပ်ကွက်နေ ဒေါ်ဌေး (၃၃ နှစ်) သည် ရန်ကုန်-မန္တလေး လမ်းဟောင်းအတိုင်း မန္တလေးဘက်မှ ရန်ကုန်ဘက်သို့တစ်ဦးတည်း မောင်းနှင်လာစဉ် မိုင်တိုင် ၂၁၀ အနီးသို့အရောက် အရှိန်လွန်တိမ်းမှောက်ရာ၍ သေဆုံးခဲ့ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

အမှုနှင့်ပတ်သက်ပြီး အုတ်တွင်း မြို့မရဲစခန်းက ထက်မင်းအောင်ကို ယာဉ် (ပ) ၇/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့် လည်းကောင်း၊ ဒေါ်ဌေးကို မြို့လှနယ်မြေ ရဲစခန်းက ယာဉ် (ပ)၂/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က ဖြင့်လည်းကောင်း အမှုဖွင့် စစ်ဆေးဆောင်ရွက်ထားကြောင်း ယင်းစခန်းများထံမှ သိရသည်။  

R-15


  • VIA