News

POST TYPE

LATEST NEWS POST

ရှမ်းအရှေ့ရှိ ယာဉ်လိုင်းများ သင်္ကြန်ကာလတွင် ဈေးပိုတောင်းပါက အရေးယူမည်

ကျိုင်းတုံ၊ မတ် ၂၀ 

သင်္ကြန်ကာလအတွင်း ကျိုင်းတုံ- တောင်ကြီး ပြေးဆွဲနေသည့် ယာဉ်လိုင်းများ အပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်များရှိ ယာဉ်လိုင်းများ ယာဉ်စီးခ ပိုတောင်းပါက အရေးယူမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ ဒုတိယပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးလှစိုးက ပြောကြားသည်။

ယာဉ်စီးခ ပိုတောင်းမှုများနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် သင်္ကြန်ကာလတွင် ယာဉ်စီးခ ပိုမတောင်းရန် အသိပညာပေးခဲ့ကြောင်း၊ ယခုနှစ်တွင် စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားပါက အရေးယူမည်ဖြစ်ပြီး မြို့နယ်အုပ်ချုပ်ရေးရုံးနှင့် ကားဂိတ်များတွင် စာထုတ်ကာ အသိပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ 

ကျိုင်းတုံမြို့အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ပြည်မရှိ ရွှေ့ပြောင်းလုပ်သားများ လာရောက်လုပ်ကိုင်ကြကြောင်း၊ သင်္ကြန်ကာလတွင် နေရပ်ပြန်ပါက ကျိုင်းတုံ-တောင်ကြီး ပြေးဆွဲသည့် ယာဉ်လိုင်းများသည် သတ်မှတ်ဈေး ကျပ် ၂၅၀၀၀ ထက်ပို၍ ကျပ် ၃၅၀၀၀ အထိ တောင်းခံကြောင်း ရွှေ့ပြောင်းလုပ်သားများထံမှ သိရသည်။

“စားသုံးသူရေးရာ ဦးစီးဌာနအနေနဲ့ တရားဝင်စာနဲ့ ထုတ်ပြန်လာရင်တော့ ယာဉ်လိုင်းတွေကို အသိပေးပြီး ကြီးကြပ်မှာပါ။ သင်္ကြန်တွင်းဆိုရင် တချို့ခရီးသည်တွေက ကားမရှိရင် ရှိတဲ့ကားကို ဖြစ်သလို လိုက်မယ်ပြောပြီး သူတို့ကိုယ်တိုင် ဈေးပိုပေးတတ်တာတွေရှိတယ်”ဟု ကျိုင်းတုံမြို့နယ် မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီ(မထသ)ဥက္ကဋ္ဌ ဦးဟန်သင်းက ပြောကြားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၇ သင်္ကြန်ကာလ၌ သတ်မှတ်ယာဉ်စီးခထက် ပိုမိုတောင်းခံခြင်း၊ ယာဉ်စီးနင်းရာတွင် မူလဝယ်ယူထားသည့် ခုံနံပါတ်နှင့် လွဲနေခြင်း၊ သတ်မှတ်နေရာသို့ ရောက်ရှိအောင် မပို့ဆောင်ခြင်း၊ ခရီးစဉ်အချိန်နှင့် တစ်ပြေးညီ မထွက်ခွာခြင်း၊ လက်မှတ်ဝယ်ယူရာ၌ ကြေညာထားသည့် နေ့ရက်တွင် အမှန် ဝယ်ယူရရှိမှု မရှိခြင်းတို့ တိုင်ကြားခဲ့ရာ ဖြေရှင်းပေးခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

R-16