News

POST TYPE

LATEST NEWS POST

ချင်းတွင်းသင်္ကြန်တွင် အရက်ရောင်းချမှုနှင့်ပတ်သက်၍ လူငယ်ကွန်ရက်ကော်မတီဝင် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်
20-Mar-2018

မုံရွာ၊ မတ် ၂၀

မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်း သဲသောင် ပြင်တွင်ကျင်းပမည့် ချင်းတွင်းသင်္ကြန်ပွဲတော်တွင် အရက်သေစာ ရောင်းချမှုနှင့်ပတ်သက်၍ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ အစည်းအဝေး၌ ဆွေးနွေးရာတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်ဝန်ကြီး၏ အပြောအဆိုကြောင့် ယင်းကော်မတီမှနုတ်ထွက်ရန် စာတင်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ကွန်ရက်မှ ဦးဆောင်ကော်မတီဝင် ဦးဇော်သူရိန်ထွန်းက ပြောကြားသည်။

“သင်္ကြန်မှာ အရက်အပြင်းတွေ မရောင်းဖို့ ၊ ဘီယာလောက်ပဲရောင်းဖို့ တင်ပြတော့ နယ်/လုံဝန်ကြီးက “ငါ့လာမပြောနဲ့ သူတို့တွေကိုသွားပြော” (အစိုးရအဖွဲ့ကို သွားပြော) ဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောလို့ အဲဒီကော်မတီက နုတ်ထွက်ဖို့စာတင်တယ်။ အခြားကော်မတီမှာ တာဝန်ပေးရင် ထမ်းဆောင်မယ်ဆိုတာ ဒီနေ့(မတ်လ ၁၉ ရက်) ရက်စွဲနဲ့ လူမှုရေးဝန်ကြီးဆီ စာတင်လိုက်တယ်”ဟု ၎င်းကဆိုသည်။

ချင်းတွင်းသင်္ကြန်တွင် ကျင်းပရေး နာယကအဖွဲ့၊ ဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီကိုးခုရှိပြီး လုံခြုံရေးနှင့် စည်း ကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်မှူးကြီးကျော်သန့်နိုင်က ဆောင်ရွက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ကိုယ်စားလှယ်၊ တရားရေးဦးစီးဌာန၊ ဥပဒေချုပ်ရုံး၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေး၊ တိုင်းအထွေထွေ အုပ်ချုပ်ရေး၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီနှင့် စစ်ကိုင်းတိုင်း လူငယ်ကွန်ရက်တို့မှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ဖွဲ့စည်းထားသည်။

ပြီးခဲ့သည့်မတ်လ ၁၆ ရက်နေ့က အစည်းအဝေး ကျင်းပချိန်တွင် Beach Zone ၌ အရက်ရောင်းချမှုနှင့်ပတ်သက်၍ လုပ်ငန်းစီမံချက်ကို တင်ပြခြင်းဖြစ်ကြောင်း၊ တင်ပြသော အချက်များကို ဦးစီးကော်မတီက ဆုံးဖြတ်မည်ဖြစ်ကြောင်း ကော်မတီဝင် ဦးဇော်သူရိန်ထွန်းက ရှင်းပြသည်။ 

ကော်မတီအနေနှင့် ဦးစီးကော်မတီ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ရခြင်းဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများ ကန့်သတ်ခြင်းသည် မိမိ၏တာဝန်မဟုတ်ဘဲ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအတွက်သာ တာဝန်ထမ်းဆောင်ရခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆုံးဖြတ်မှုသည် မိမိတာဝန် မဟုတ်ဘဲ ဆုံးဖြတ်ရမည့်သူများကိုသာ ၎င်းအနေနှင့် အကြံပေးသင့်ကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်သန့်နိုင်က ပြောဆိုသည်။

“စည်းကမ်းသတ်မှတ်သူတွေ ညွှန်ကြားတဲ့အတိုင်းပဲ ကျွန်တော်တို့လုပ်ရမှာ။ အဲဒီအချိန်မှာ ဟိုလိုလုပ်သင့်တယ်၊ ဒီလို လုပ်သင့်တယ်ဆိုတော့ ဒါကတော့ တို့ အလုပ်မဟုတ်ဘူး။ သူတို့ကိုသွားပြောလို့ ပြောလိုက်တာ။ ဆိုလိုတာ ကျွန်တော်တို့က တာဝန်ပေးတာကို လုပ်ရမှာပဲ။ တချို့နေရာတွေမှာ ကျွန်တော်တို့က ဆုံးဖြတ်ရမယ့်လူ မဟုတ်ဘူး။ ဆုံးဖြတ်ရမယ့်သူတွေကို သူ အကြံပေးသင့်တယ်”ဟု ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မုံရွာမြို့၊ ချင်းတွင်း မြစ်ကမ်းဘေး သဲသောင်ခုံပေါ်တွင် ဗဟိုမဏ္ဍပ်ထားရှိကာ ချင်းတွင်းသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ပထမဆုံးအကြိမ် ကျင်းပနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။ 

အဆိုပါ ပွဲတော်ကျင်းပမှုနှင့်ပတ်သက်၍ ဒေသခံများနှင့် အရပ်ဘက် အဖွဲ့အစည်းအချို့က ကန့်ကွက်ဝေဖန်မှုများရှိနေသည်။

ချင်းတွင်းသင်္ကြန်ကို ရန်ကုန်နှင့် မန္တလေးမြို့ကြီးများနည်းတူ မုံရွာမြို့ မုံရွာတောင်ရပ်ကွက်၊ ချင်းတွင်းမြစ် သဲသောင်ခုံပေါ်၌ ဧပြီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဒေသတွင်း ထုတ်ကုန်နှင့် ရိုးရာဓလေ့များကို ထုတ်ဖော်ပြသသည့် ပြခန်းပြကွက်များကို စီစဉ်ထားကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

R-08