News

POST TYPE

LATEST NEWS POST

ချောင်းသာသို့ ကားအငှားလိုက်သည့် ယာဉ်မောင်း အသတ်ခံရပြီး မော်တော်ယာဉ်အလုခံရ
20-Mar-2018
ပုသိမ်၊ မတ် ၁၉

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမကြီးအနီးတွင် တွေ့သည့်အလောင်းမှာ ရန်ကုန်မှချောင်းသာသို့ ကားအငှားလိုက်ပြီး အသတ်ခံရသော အငှားယာဉ် မောင်းဖြစ်ကာ မော်တော်ယာဉ်ပါ လုယက်ခံရကြောင်း ကျောင်းကုန်းမြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါ အမျိုးသားမှာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမှတ် (၂၀) ရပ်ကွက်တွင်နေထိုင်သော ဦးအေးမင်းဦး (ခ) ဝတုတ်ဖြစ်ကြောင်း၊ ၎င်းမှာ ပရိုဘောက်စ်ယာဉ်ဖြင့် ချောင်းသာကမ်းခြေသို့ လေးရက်ကြာ ကားအငှားလိုက်ရာမှ အပြန်တွင် အသတ်ခံရခြင်းဖြစ်ကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အလောင်းစွန့်ပစ်ချိန်မှာ မတ်လ ၁၈ ရက် နံနက် ၄ နာရီကျော်ကဖြစ်ပြီး အလောင်းကို အုပ်ထားသော ပုဆိုးတစ်ထည်နှင့် အနောက်ကူရှင်အစွပ်တစ်ခုသာ တွေ့ရကြောင်း၊ ယာဉ်မောင်းကို လမ်းပေါ်မှ ဆွဲချထားသည့် သွေးစွပ်ကြောင်းများကိုလည်းတွေ့ရပြီး အလောင်း၏ပြင်ပဒဏ်ရာများကို ဆရာဝန်ကြီးနှင့် စစ်ဆေးကာ သေဆုံးချိန်နှင့် တိုးလ်ဂိတ်က ယာဉ်ဖြတ်သန်းချိန်များကို တိုက်ဆိုင်စစ်ဆေးနေကြောင်း ကျောင်းကုန်းမြို့မရဲစခန်းမှူး ဒုတိယရဲမှူးမြင့်အောင်က ပြောသည်။

သေဆုံးသူမှာ အသတ်ခံရပြီး ကားကိုပါ လုယက်ခံရခြင်းဖြစ်ကြောင်း ပရိုဘောက်စ်ယာဉ် အပြာရောင်အစင်းပါသော မော်တော်ယာဉ်ကို လာရောက်ရောင်းချသည်ကို တွေ့ရှိပါက ကျောင်းကုန်း နယ်မြေရဲစခန်းမှ နယ်ထိန်း ဖုန်း-ဝ၉၅၄၁၃၉၆၇ ကို ဆက်သွယ်ကာ အကြောင်းကြားပေးရန် သေဆုံးသူနှင့် ဆွေမျိုးတော်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။ 

လုယူသွားသော မော်တော်ယာဉ်ကို ဗိုလ်မြတ်ထွန်းတံတားကို ဖြတ်သန်းသွားသော CCTV မှတ်တမ်းရရှိထားကာ အမြန်ဆုံးဖမ်းမိနိုင်ရန် ဆက်လက်စုံစမ်းနေကြောင်း၊ ကျူးလွန်သူများကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ကျောင်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

R-12


  • VIA