News

POST TYPE

LATEST NEWS POST

FDA ဝန်ထမ်းအမျိုးသမီး မုဒိမ်းကျင့်အသတ်ခံရမှုမှ တရားလိုပြသက်သေ ကိုးဦးပယ်
ရန်ကုန်၊ မတ် ၁၉

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း မုဒိမ်းကျင့်အသတ်ခံရမှုမှ တင်ပြထားသည့် တရားလိုပြသက်သေ ၃၅ ဦးအနက် ကိုးဦးကို သက်သေစာရင်းမှ ပယ်ခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးထံမှသိရသည်။ 

အဆိုပါအမှုကို အရှေ့ပိုင်းခရိုင် တရားရုံးတွင် မတ်လ ၁၉ ရက်က ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပြီး သေဆုံးသူ မရွှေရည်ဝင်း၏ ဆွေမျိုးတော်သူများဖြစ်သော ဦးကျော်မျိုး၊ အောင်သူရ(ခ) ဖိုးပြည့်၊ ခိုင်ပြည့်ကျော် (ခ) မဂျူးဂျူးနှင့်အခင်း ဖြစ်ရပ်ကွက်မှ ရာအိမ်မှူး ဦးမြတ်ထွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး သက်နိုင်တို့ကို စစ်ဆေးခဲ့သည်။ 

ယင်းငါးဦးကို စစ်ဆေးပြီးနောက် တရားရုံးတွင် တင်ပြထားသည့် လိုပြသက်သေ ၃၅ ဦးအနက် ဥပဒေအရာရှိက လိုပြသက်သေကိုးဦးကို ပယ်လိုက်သဖြင့် ဆက်လက်စစ်ဆေးရန် လိုပြသက်သေ ၁၂ ဦးသာ ကျန်ရှိတော့ကြောင်း၊ လာမည့်ရုံးချိန်းတွင် လိုပြသက်သေခြောက်ဦးကို ဆက်လက်စစ်ဆေးသွားမည် ဖြစ်ကြောင်း တရားသူကြီးက ပြောကြားသည်။ 

ပယ်ခဲ့သည့် သက်သေကိုးဦးတွင် ဦးစိုးနိုင်၊ ဒေါက်တာသီဟန်မြင့်၊ ဒေါက်တာဥာဏ်မင်းဦး၊ ဒေါက်တာဝင်းသူ၊ ဦးဇော်မင်းဟန်၊ ဦးမျိုးထွန်း၊ ဦးထွန်းထွန်း၊ ဦးအောင်မြတ်စိုးနှင့် ဦးစောထွန်းတို့ ဖြစ်ပြီးလာမည့် ရုံးချိန်းတွင်စစ်ဆေးမည့် လိုပြသက်သေခြောက်ဦးမှာ ဒေါ်စန်းသီတာ၊ ဦးမင်းအောင်ဇော်၊ လရောင်လင်း၊ မဖြူနှင်းသိမ့်၊ ဒေါက်တာကျော်ရဲပိုင်၊ မြောက်ဥက္ကလာပဆေးရုံမှ ဆရာဝန်တစ်ဦးတို့ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေး အရာရှိထံမှသိရသည်။ 

ယင်းအမှုမှ လူသတ်မှု ပုဒ်မ ၃၀၂၊ မုဒိမ်းမှု ပုဒ်မ ၃၇၆၊ ဓမ္မတာနှင့်ဆန့်ကျင်ပြီး ကာမဆက်ဆံမှု ပုဒ်မ ၃၇၇၊ လုယက်မှု ပုဒ်မ ၃၉၄ ဖြင့် တရားစွဲထားသော အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနား (၂၇ နှစ်) မှာ လှည်းတန်းလမ်းဆုံမှ ဒဂုံမြို့နယ်သို့ နှစ်ထောင့်ငါးရာကျပ်ဖြင့် လိုက်ပို့ခိုင်းသော အမျိုးသမီးကို ယာဉ်အတွင်း လေအေးပေးစက် ဖွင့်ပေးခ တစ်ထောင်ကျပ် ပိုတောင်းရာမှ နှစ်ဦးစကားများခဲ့ပြီးနောက် ၎င်းက ဝက်အူလှည့်ဖြင့် အမျိုးသမီး၏လည်ပင်းကို ထိုးကာ ထပ်မံ၍ လည်ပင်းညှစ်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့တွင် ထွက်ဆိုခဲ့သည်။ 

ထို့ပြင် အငှားယာဉ်ကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၃ ရပ်ကွက်ရှိ ငမိုးရိပ်ချောင်းကမ်းစပ်သို့ မောင်းနှင်လာခဲ့ပြီး ခရီးသည်အမျိုးသမီး၏ လက်ဝတ်ရတနာပစ္စည်းများနှင့် လက်ကိုင်ဖုန်းအားယူဆောင်ကာ မုဒိမ်းကျင့်၍ ရုပ်အလောင်းကို ချောင်းကမ်းစပ်အနီးရှိ အပင်အောက်တွင် စွန့်ပစ်ခဲ့ကြောင်း၊ သေဆုံးသူနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းရာ ဒဂုံမြို့မ ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ထားသည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲဦးစီးဌာနမှ ဒုကြီးကြပ်ရေးမှူး မရွှေရည်ဝင်း(၂၅ နှစ်) ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး ကျူးလွန်သည့် အငှားယာဉ်မောင်းကို ယုဇနပလာဇာရှိ ဖုန်းအပြင်ဆိုင်တစ်ဆိုင်တွင် သေဆုံးသူထံမှ ယူဆောင်သွားသော လက်ကိုင်ဖုန်းနှင့်အတူ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

S-03