News

POST TYPE

LATEST NEWS POST

ရန်ကုန်မြို့တွင်း မြို့နယ် နှစ်ဆယ်ကျော် အချိန်ပိုင်း မီးပြတ်မည်
19-Mar-2018 tagged as ရန်ကုန်

ရန်ကုန်၊ မတ် ၁၉

ဓာတ်အားခွဲရုံ ဓာတ်အားလိုင်း ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ရန်ကုန်မြို့အတွင်းရှိ မြို့နယ် နှစ်ဆယ်ကျော် မတ်လ ၂၂ ရက်တွင် နံနက် ၉ နာရီ မှ ၁၂ နာရီအထိ အချိန်ပိုင်း မီးပြတ်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းထံမှ သိရသည်။

“ရုံးပိတ်ရက်တွေမှာ လုပ်ငန်းတွေလုပ်ရင် အများအလုပ်နားရက်တွေမှာ မီးဖြတ်တော့ ထိခိုက်မှာစိုးလို့ အခုလို ကြားရက်တွေမှာ လုပ်တာပါ”ဟု ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ လျှပ်စစ်အင်ဂျင်နီယာတစ်ဦးက ဆိုသည်။

အချိန်ပိုင်း မီးပြတ်သည့် မြို့နယ်များတွင် အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ လှည်းကူး၊ မှော်ဘီ၊ ထောက်ကြန့်၊ တိုက်ကြီး၊ အဖျောက်၊ ဥက္ကံ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ရွှေလင်ပန်း၊ ထန်းတပင်၊ ကြည့်မြင်တိုင်၊ လှိုင်၊ အလုံ၊ ကမာရွတ်၊ မရမ်းကုန်း၊ ဗဟန်း၊ လမ်းမတော်၊ စမ်းချောင်း၊ ပန်းဘဲတန်း၊ သန်လျင် စသည့်မြို့နယ်၂၀ ကျော် ပါဝင်သည်။

ရန်ကုန်မြို့ရှိမြို့နယ်များအတွင်း ဓာတ်ကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်များကို ခုတ်ခြင်း၊ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို အဆိုပါ အချိန်အတွင်း အပတ်စဉ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဆိုပါကော်ပိုရေးရှင်းထံမှ သိရသည်။

နွေရာသီအတွင်း မီးမပြတ်ရန် ရန်ကုန်မြို့အတွက် လျှပ်စစ်ဓာတ်အား သုံးစွဲမှုကို အမြင့်ဆုံး ပျမ်းမျှ ၁၅၀၀ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ ဓာတ်အားဖြန့်ဖြူးရေးဌာန တာဝန်ရှိသူက ပြောကြားသည်။

လက်ရှိအချိန်တွင် လျှပ်စစ်ဓာတ်အား အမြင့်ဆုံးသုံးစွဲမှုမှာ တစ်နိုင်ငံလုံးတွင် ပျမ်းမျှမဂ္ဂါဝပ် သုံးထောင်ကျော်ထိ ရှိခဲ့ပြီး ရန်ကုန်မြို့သည် နိုင်ငံတော် ဓာတ်အားစနစ်၏ ၅၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုလျက် ရှိကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်စဉ် ၃၀၀ မဂ္ဂါဝပ်နီးပါး ပျမ်းမျှလိုအပ်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။

J-14