News

POST TYPE

LATEST NEWS POST

ရန်ကုန်အပါအဝင် ဒေသအချို့ နေ့အပူချိန်များ မြင့်တက်မည်
19-Mar-2018


ရန်ကုန်၊ မတ် ၁၉

နွေကာလ မြန်မာနိုင်ငံတစ်ဝန်း နေ့အပူချိန်များ မြင့်တက်လျက်ရှိရာ၌ နောက်နှစ်ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေ့အပူချိန်များ အနည်းငယ် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

လာမည့်ရက် အနည်းငယ်အတွင်း နေ့အပူချိန်များ မြင့်တက်မည့် အခြေအနေရှိနေသည့်အပြင် မိုးတိမ်တောင်များကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းဖြစ်သည့် ကချင်ပြည်နယ် အပါအဝင် ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“မတ်​လ ၂၀ ရက်​​ ည ၁၀ နာရီ ၄၅ အချိန်​ကစလို့ မြန်​မာနိုင်​ငံအ​နေနဲ့ ​နေ​ရောင်​ခြည်​ရရှိမှု အမြင့်ဆုံး ရရှိတော့မှာ ဖြစ်​တယ်​။ နွေရာသီစတင်ပြီး အပူချိန်​​တွေ မြင့်တက်​လာမှာဖြစ်​ပါတယ်”ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နေ့အပူချိန်များ မြင့်တက်နေရာတွင် မတ်လ ၁၉ ရက်နေ့အတွက် ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၀ ဒီဂရီ စင်တီဂရိတ်၊ ပျဉ်းမနားမြို့နှင့် ဘော်လခဲမြို့တို့တွင် ၃၉ ဒီဂရီ စင်တီဂရိတ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ 

ယင်းသို့နေ့အပူချိန်များ မြင့်တက်လာနိုင်သည့်အတွက် မိုးတိမ်တောင်များ အဖြစ်များပြီး ယင်းမိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်ခြင်း၊ မိုးသီးကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည်တို့ဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုရန်လိုအပ်ကြောင်း အဆိုပါဌာနက သတိပေးထားသည်။

မြန်မာနိုင်ငံတစ်ဝန်း ၂၀၁၇ ခုနှစ်အတွင်းက လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေကျခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကြောင့် မြို့နယ်ပေါင်း ၂၂၈ မြို့နယ်မှ လူဦးရေ ငါးသောင်းကျော် ဘေးဒဏ်သင့်ခဲ့ကာ ၃၂ ဦး သေဆုံးခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

E-03