News

POST TYPE

LATEST NEWS POST

ဥရောပ၏ အရေးယူပိတ်ဆို့မှုအသစ်များသည် နျူကလီးယား သဘောတူညီချက်အပေါ် သက်ရောက်မှုရှိဟု အီရန်ပြော
19-Mar-2018



တီဟီရန်၊ မတ် ၁၈

အီရန်အပေါ် ဥရောပ၏ အရေးယူပိတ်ဆို့မှု အသစ်မှန်သမျှသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် အီရန်အကြား ညှိနှိုင်းထားသော နျူကလီးယား သဘောတူညီမှုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိလိမ့်မည်ဟု အီရန်နိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီးက ပြောကြားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဥရောပ တိုင်းပြည်အချို့က အမေရိကန်သမ္မတ ကျေနပ်စေရန်အတွက် အီရန်အပေါ် နျူကလီးယားနှင့်မဆိုင်သော အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် လိုက်ပါလုပ်ဆောင်နေသောကိစ္စတွင် ၎င်းတို့သည် အမှားလုပ်မိဖွယ်ရှိပြီး နျူကလီးယားစာချုပ်အပေါ် တိုက်ရိုက်သက်ရောက်မှုကို တွေ့မြင်ကြရလိမ့်မည်ဟု ဒုတိယဝန်ကြီး အက်ဘတ်စ်အာရပ်ချီက ပြောကြားသည်။

“ဥရောပနိုင်ငံတွေအနေနဲ့ နျူကလီးယား သဘောတူညီချက်မှာပါဝင်တဲ့ ကတိကဝတ်တွေကို အမေရိကန်စောင့်ထိန်းအောင် လက်ရှိအတိုင်း ဆက်လက်စည်းရုံးနေတာက ပိုကောင်းပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

ဗြိတိန်၊ ပြင်သစ်နှင့်ဂျာမနီတို့က အမေရိကန်အား အီရန်နျူကလီးယား သဘောတူညီချက်ကို ဆက်လက်စောင့်ထိန်းအောင် ဆွဲဆောင်ရန်အတွက် အီရန်အပေါ် ၎င်း၏ ပဲ့ထိန်းဒုံးကျည် အစီအစဉ်၊ ဆီးရီးယားစစ်ပွဲတွင် ပါဝင်ပတ်သက်မှုတို့နှင့် ပတ်သက်ပြီး အီးယူ၏ အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ရန် အဆိုပြုထားသည်ဆိုသော ရိုက်တာသတင်းအပေါ် အာရပ်ချီက တုံ့ပြန်မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

သမ္မတအိုဘားမားလက်ထက်တွင် အီရန်က အနောက်အုပ်စု၏ အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းစေရန်အတွက် အပြန်အလှန်အားဖြင့် နျူကလီးယားအစီအစဉ် ကန့်သတ်ထိန်းချုပ်မှုများကို သဘောတူခဲ့သည်။ သို့ရာတွင် ဒုံးကျည်အစီအစဉ်နှင့်ပတ်သက်၍ ညှိနှိုင်းရန်မရှိကြောင်း အီရန်အကြီးတန်း တာဝန်ရှိသူများက အကြိမ်ကြိမ်ပြောကြားထားသည်။

၎င်းအဆိုပြုချက်သည် အီရန်၏ နျူကလီးယားလက်နက်အစီအစဉ်ကို ကန့်သတ်ထိန်းချုပ်ထားသည့် သဘောတူစာချုပ်ကို ဆက်လက်ထိန်းသိမ်းမည့် အီးယူ၏ မဟာဗျူဟာတစ်ရပ်ဖြစ်ပြီး အီရန်၏အင်အားကို ထိန်းချုပ်ရန် အခြားနည်းလမ်းများရှိကြောင်း အမေရိကန်သမ္မတ ထရမ့်ကို ပြသခြင်းသာဖြစ်သည်။

ထရမ့်က ၎င်း၏ရှေ့မှ သမ္မတဟောင်း ဘားရက်အိုဘားမား လက်မှတ်ထိုးခဲ့သည့် အီရန် နျူကလီးယားစာချုပ်၏ ကြီးမားသော အမှားအယွင်းများကို ပြင်ဆင်ရန် ဥရောပနိုင်ငံများက သဘောတူကြရန်နှင့် အကယ်၍ သဘောမတူပါက အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးထားခြင်းကို သက်တမ်းတိုးရန် ငြင်းပယ်မည်ဟု ဇန်နဝါရီ ၁၂ ရက်က ရာဇသံပေးထားသည်။ ယင်းသို့ ဖြေလျှော့မှုကို မေလ ၁၂ ရက်တွင် သမ္မတအခွင့်အာဏာဖြင့် အသစ်ထပ်မံ သက်တမ်းမတိုးပါက အီရန်အပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည်သက်ဝင်လာမည်ဖြစ်သည်။

အဆိုပါ သဘောတူစာချုပ်မှ အမေရိကန် နုတ်ထွက်သွားပါက နျူကလီးယားကန့်သတ်မှု သဘောတူစာချုပ် အဆုံးသတ်သွားမည်ဟု ဒုဝန်ကြီးအာရပ်ချီက ပြောကြားကြောင်း အီရန် မီယာသတင်းဌာနက စနေနေ့က ထုတ်ပြန်သည်။

“အမေရိကန်က စာချုပ်က နုတ်ထွက်သွားပြီး တစ်ဖက်သတ် အရေးယူပိတ်ဆို့မှုတွေ ပြုလုပ်မယ်ဆိုရင် ကျုပ်တို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးမှာ မဟုတ်တော့တဲ့အတွက် အဲဒီသဘောတူ စာချုပ်ကို ဆက်လက်လိုက်နာစရာ အကြောင်းမရှိတော့ပါဘူး”ဟု အာရပ်ချီက ပြောကြားခဲ့ကြောင်း မီယာသတင်းဌာနက ဖော်ပြထားသည်။  

F-04

  • VIA