News

POST TYPE

LATEST NEWS POST

သူလျှိုအဆိပ်ခတ်မှု ပြဿနာတွင် ဗြိတိသျှသံတမန် ၂၃ ဦးကို ရုရှား နှင်ထုတ်မည်
19-Mar-2018



မော်စကို၊ မတ် ၁၈ 

ဗြိတိန်မြေပေါ်တွင် ရုရှားသူလျှိုဟောင်းတစ်ဦးကို အာရုံကြောအဆိပ်ဖြင့် လုပ်ကြံမှုပြဿနာနှင့် ပတ်သက်၍ ရုရှားသံတမန် ၂၃ ဦးကို ဗြိတိန်က နှင်ထုတ်ခဲ့ခြင်းကို လက်တုံ့ပြန်သည့်အနေနှင့် ဗြိတိသျှသံတမန် ၂၃ ဦးကို တစ်ပတ်အတွင်း နှင်ထုတ်မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

ထို့ပြင် ရုရှားရှိ ဗြိတိသျှကောင်စီကို ပိတ်ပစ်မည့်အပြင် လန်ဒန်၏ ထပ်မံရန်စမှုများကို ဆက်လက်တုံ့ပြန်ရန် အခွင့်အရေးကိုလည်း ဆုပ်ကိုင်ထားဦးမည်ဟု ရုရှားဘက်က ဆိုသည်။

ရုရှားဘက်က လက်တုံ့ပြန်သည့် အစီအစဉ်များကို ရှင်းပြရန်အတွက် ရုရှားနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး လော်ရီဘရစ်စတိုကို ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆင့်ခေါ်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဘရစ်စတိုနှင့် တွေ့ဆုံပြီးနောက် ထုတ်ပြန်သော ကြေညာချက်တွင် “ဗြိတိသျှသံတမန် ၂၃ ဦးကို လက်မခံနိုင်သည့်အတွက် တစ်ပတ်အတွင်း နှင်ထုတ်မည်ဖြစ်ကြောင်း၊ ဗြိတိန်၏ စွပ်စွဲချက်များနှင့် ရန်စလုပ်ဆောင်မှုများကို တုံ့ပြန်ခြင်းဖြစ်ကြောင်း၊ စိန့်ပီတာစဘတ်တွင် ဗြိတိန်ကောင်စစ်ဝန် ရုံးဖွင့်ခွင့်ကို ရုပ်သိမ်းကြောင်း၊ ဆက်လက် ရန်စသည့် လုပ်ဆောင်မှုများရှိလာပါက ထပ်မံလက်တုံ့ပြန်သွားရန် အခွင့်အရေးကို ဆုပ်ကိုင်ထိန်းသိမ်းထားကြောင်း” ဖော်ပြထားသည်။

ရုရှား၏ ကြေညာချက်အပြီးတွင် ဗြိတိသျှသံအမတ်ကြီး ဘရစ်စတိုက ရုရှား၏ အာရုံကြောအဆိပ် တိုက်ခိုက်မှုသည် ဗြိတိန်နိုင်ငံအပေါ်တွင်သာမကဘဲ ရုရှားအပါအဝင် တိုင်းပြည်အားလုံး၏ ဘေးကင်းလုံခြုံရေးအတွက် မူတည်နေသော နိုင်ငံတကာဥပဒေ အခြေပြုစနစ်ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကြားလိုက်သည်။

ရုရှားသူလျှိုဟောင်းအား လုပ်ကြံရန် တိုက်ခိုက်မှုတွင် ရုရှားတွင်ထုတ်လုပ်ပြီး ဓာတုလက်နက် တားမြစ်ရေးအဖွဲ့အစည်းတွင် ရုရှားက တင်ပြကြေညာထားခြင်းမရှိသော အဆိပ်ကို အသုံးပြုခဲ့သည်ဟု သံအမတ်ကြီး ဘရစ်စတိုက သတင်းထောက်များအား ပြောကြားသည်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ရုရှားတို့၏တုံ့ပြန်မှုကို မျှော်လင့်ထားပြီးဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ဆောင်မည့် အဆင့်များကို စဉ်းစားရန်အတွက် အမျိုးသားလုံခြုံရေးကောင်စီကို လာမည့်အပတ် အစောပိုင်းတွင် ခေါ်ယူစည်းဝေးမည်ဖြစ်ကြောင်း ပြောကြားသည်။

“ရုရှားဘက်မှ တုံ့ပြန်မှုကြောင့် ယခုကိစ္စ၏ အချက်အလက်များ ပြောင်းလဲသွားခြင်း မရှိကြောင်းနှင့် ဗြိတိန်မြေပေါ်တွင် အရပ်သားနှစ်ဦးကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှုအတွက် ရုရှားနိုင်ငံကို အပြစ်တင်ရန်မှတစ်ပါး အခြားနည်းလမ်း မရှိကြောင်း” ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြထားသည်။ 

F-04

  • VIA