News

POST TYPE

LATEST NEWS POST

ရန်ကုန်သင်္ကြန် ရေကစားမဏ္ဍပ်လက်မှတ် ကျပ်တစ်သိန်းကျော်အထိ ဈေးပေါက်

ရန်ကုန်၊ မတ် ၁၈

သင်္ကြန်ရေကစားမဏ္ဍပ်များတွင် ရေကစားလိုသူများအတွက် လက်မှတ်ကြိုတင်ရောင်းချမှုများရှိပြီး သင်္ကြန်ကာလ တစ်ခုလုံးအတွက် လက်မှတ်ပေါက်ဈေးမှာ ကျပ်လေးသောင်းမှ တစ်သိန်းကျော်အထိရှိကြောင်း အဆိုပါ လက်မှတ်များကို ရောင်းချသူများထံမှသိရသည်။

ပြည်လမ်းမပေါ်တွင် မဏ္ဍပ်ဆောက်လုပ်ရန် ခြံပိုင်ရှင်များထံမှ မြေငှားရမ်းခမှာ ယခုနှစ်တွင် ကျပ်သိန်းခြောက်ရာမှ ကျပ်သိန်းတစ်ထောင်အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိသော်လည်း ပြည်လမ်းမရှိ မဏ္ဍပ်အများစုမှာ မဏ္ဍပ်ဈေးနှုန်း လက်မှတ်များကို မြင့်တက်ခြင်းမရှိဘဲ သင်္ကြန်ကာလ တစ်ခုလုံးအတွက် လက်မှတ်တစ်စောင်လျှင် ကျပ်လေးသောင်းမှ လေးသောင်းခွဲ၊ အထူးလက်မှတ်တစ်စောင်လျှင် ကျပ်ခုနစ်သောင်းမှ ကိုးသောင်းအထိသာ ရောင်းချလျက်ရှိကြောင်း ပြည်လမ်းမပေါ်ရှိ မဏ္ဍပ်လက်မှတ်ရောင်းချသူများထံမှ သိရသည်။

ရေကစားမဏ္ဍပ်များအနေနှင့် ကြိုတင်လက်မှတ်များကို မတ်လ ၃၁ ရက်အထိ ဝယ်ယူပါက အထူးလျှော့ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ဧပြီလအတွင်း ဝယ်ယူပါက ယခုလက်မှတ်ဈေးနှုန်းထက် အနည်းငယ် မြင့်တက်သွားမည်ဖြစ်ကြောင်း ရေကစားမဏ္ဍပ် လက်မှတ်ရောင်းချသူများက ပြောကြားသည်။

“Black Jack မဏ္ဍပ်လက်မှတ် ဈေးနှုန်းကြိုတင်ရောင်းတာက All Day လက်မှတ်တစ်စောင်ကို ကျပ်လေးသောင်း ခွဲနဲ့ရောင်းချပေးပါတယ်။ ဧပြီလမှာ ဝယ် ရင်တော့ ဈေးနှုန်းတစ်မျိုး ပြောင်းလဲသွားမယ်။ တစ်ရက်ချင်း လက်မှတ်ဈေးနှုန်း တော့ ကြိုမရောင်းချသေးဘူး။ VIP လက်မှတ်ကတော့ ၇ သောင်းနဲ့ ရောင်းချ ပေးပါတယ်” ဟုြူခေဲုခေု ရေကစား မဏ္ဍပ်မှ တာဝန်ရှိတစ်ဦးက ဆိုသည်။

ရေကစားမဏ္ဍပ် ကြိုတင်လက်မှတ်များ ဝယ်ယူပါက Black Jack မဏ္ဍပ် All Day လက်မှတ်တစ်စောင်လျှင် ကျပ်လေးသောင်းခွဲ၊ Black Jack မဏ္ဍပ် All Day လက်မှတ်တစ်စောင်လျှင် ကျပ်လေးသောင်းခွဲ၊ Welit မဏ္ဍပ် All Day လက်မှတ်တစ်စောင်လျှင် ကျပ်လေးသောင်းအပြင် အခြားမဏ္ဍပ် အများစုအနေနှင့်လည်း All Day လက်မှတ်တစ်စောင်လျှင် ကျပ်လေးသောင်းခွဲမှ ငါးသောင်း ဈေးနှုန်းဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း အဆိုပါမဏ္ဍပ်များထံမှ သိရသည်။

ကမ္ဘာအေးဘုရားလမ်းနှင့် စက်မှု (၁) လမ်းထောင့်တွင် တည်ရှိသည့် ဆီဒိုးနား ဟိုတယ်အနေနှင့် ရေကစားမဏ္ဍပ်များ၌ ၁ ရက် ရေကစားလက်မှတ်အတွက် တစ်ဦးလျှင် ၆၆,၀၀၀ ကျပ်၊ ၂ ရက် ရေကစားလက်မှတ်အတွက် တစ်ဦးလျှင် ၈၈,၀၀၀ ကျပ်နှင့် ၃ ရက် ရေကစား လက်မှတ်အတွက် တစ်ဦးလျှင် ၁၁၀,၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး မတ်လ ၃၁ ရက်အထိ ကြိုတင် လက်မှတ်ဝယ်ယူသူများကို ၁၀ ရာခိုင်နှုန်း အထူးလျှော့ဈေးဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဆီဒိုးနားဟိုတယ်ထံမှ သိရသည်။

“ဒီနှစ်ပြည်လမ်းမှာ စီးပွားဖြစ် ရေကစားမဏ္ဍပ်တွေ ပြန်လည် ခွင့်ပြုလိုက်တဲ့အပြင် လမ်းလျှောက်သင်္ကြန်တွေလည်း လုပ်တော့ မနှစ်ကထက် ရန်ကုန်သင်္ကြန် ပိုစည်ကားလာမယ်လို့ ထင်ပါတယ်။ မဏ္ဍပ်ဈေးနှုန်းတွေကတော့ အားလုံးနီးပါးကို All Day လက်မှတ်တစ်စောင်ကို လေးသောင်းခွဲနဲ့ ရောင်းချတော့ ဈေးကတော့ မကြီးပါဘူး။ ဒီနှစ်မှာ ပြည်လမ်းမပေါ်က မဏ္ဍပ်တစ်ခုခုမှာ ရန်ကုန်သင်္ကြန်ကဲဖို့ ကြိုတင်လက်မှတ် ဝယ်ယူသွားမယ်”ဟု ကုမ္ပဏီဝန်ထမ်းဖြစ်သူ မအိမွန်အောင်က ဆိုသည်။

ယခုနှစ်မဟာသင်္ကြန်ပွဲတော်တွင် ပြည်လမ်း အပါအဝင် အခြားလမ်းမကြီးများတွင် ဖျော်ဖြေရေးမဏ္ဍပ် ၃၅ ခု၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ၆၀ ခု၊ စုစုပေါင်း မဏ္ဍပ် ၉၅ ခုကို ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း (ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျားလမ်းကြား) တို့တွင် ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့် မပြုသည့်လမ်းများအဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပထမဆုံးအကြိမ် စတုဒိသာ၊ လမ်းလျှောက်သင်္ကြန်ကို ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးမြေပဒေသာကျွန်း၊ ကန်တော်မင်ပန်းခြံတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် သခင်မြပန်းခြံတွင် စတုဒိသာ ကျွေးမွေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

J-10