News

POST TYPE

LATEST NEWS POST

FBS Myanmar အွန်လိုင်းကုန်သွယ်မှု အကျိုးဆောင်ကုမ္ပဏီကို စသုံးလုံးက အမှုဖွင့်
18-Mar-2018 tagged as အွန်လိုင်း

ရန်ကုန်၊ မတ် ၁၈

အွန်လိုင်းမှတစ်ဆင့် ကမ္ဘာ့ရွှေ၊ ရေနံနှင့် နိုင်ငံတကာ ငွေကြေးဈေးနှုန်းများကို ခန့်မှန်း၍ အရောင်းအဝယ် ပြုလုပ်နေသည့် နာမည်ကျော် FBS Myanmar အွန်လိုင်းကုန်သွယ်မှု အကျိုးဆောင်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်မျိုးဟန်ကို စသုံးလုံးအဖွဲ့က ဖမ်းဆီးစစ်ဆေးပြီးနောက် မတ်လ ၁၅ ရက်နေ့က ရဲစခန်းတွင် အမှုဖွင့် လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ရွှေဇမ္ဗူဒိတ် ကွန်ဒိုတိုက်ခန်းတစ်ခုတွင် ကုမ္ပဏီရုံးခန်းဖွင့်လှစ်ပြီး ယင်းလုပ်ငန်း လုပ်ဆောင်နေသူ FBS Myanmar အွန်လိုင်းကုန်သွယ်မှု အကျိုးဆောင်ကုမ္ပဏီ (FBS Myanmar Incorporation Co., Ltd.) မှာ အွန်လိုင်းတွင် အချိန်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသည့် ကမ္ဘာ့ရွှေ၊ ရေနံနှင့် နိုင်ငံတကာ ငွေကြေးဈေးနှုန်းများကို ခန့်မှန်း၍ အရောင်းအဝယ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ရာတွင် ရုရှားနိုင်ငံရှိ FBS ရုံးချုပ်၏ ကုမ္ပဏီရုံးခွဲအဖြစ် အမည်ခံကာ ကော်မရှင်ခရယူခြင်း၊ Trader အကောင့်များ ဖွင့်လှစ်ပေးပြီး အွန်လိုင်းမှတစ်ဆင့် အရောင်းအဝယ် ပြုလုပ် နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းကိစ္စများကို လုပ်ဆောင်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက် အရ သိရသည်။

“ဝင်ရောက်ဈေးကစားတဲ့သူတွေ က မြန်မာကျပ်ငွေနဲ့ သူ့ရဲ့ဘဏ်အကောင့် တွေထဲကို ထည့်ရတယ်။ ပြီးတော့ သူက ရုရှားနိုင်ငံက FBS ရုံးချုပ်ဆီကို Master Card, Visa Card နဲ့ Mobile Banking တွေ အသုံးပြုပြီး ပြန်လွှဲပို့တာ။ အဲဒီအပေါ်မှာလည်း အမြတ်ယူတယ်။ ဝင်ရောက်ဈေးကစားတဲ့သူတွေဆီက ယူထားတဲ့ Deposit ငွေကိုလည်း မြန်မာငွေကနေ ဒေါ်လာပြောင်းလဲခဲ့တဲ့အတွက် အကျိုးအမြတ် ရယူထားတယ်။ အဲလို အကျိုးအမြတ်ရယူတာဟာ ဥပဒေနဲ့ ငြိစွန်းတဲ့အတွက် အမှုဖွင့် တိုင်ကြားခဲ့တာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

FBS Myanmar မှာ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့အထိ Trader ထည့် ဝင်သူ ၃၉၉ ဦးမှ Deposit ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၁,၃၀၄ ဒသမ ၆၈ ခန့်ကိုလည်းကောင်း၊ Trader ၂၀၄ ဦးတို့ မှ ထုတ်ယူငွေ အမေရိကန်ဒေါ်လာ ၅၃၇,၉၃၀ ဒသမ ၄ ခန့်ကိုလည်းကောင်း နေ့စဉ် ဘဏ်၏ပေါက်ဈေးအတိုင်း ကျပ်ငွေနှင့်လဲလှယ်ကာ ငွေသွင်း၊ ငွေထုတ် ပြုလုပ်ပေးခဲ့သည့်အတွက် ဥပဒေနှင့်ငြိစွန်း၍ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ) ရန်ကုန်တိုင်းဒေသကြီး ဦးစီးအရာရှိ ဦးအောင်နိုင်သိန်းက အမှုဖွင့် တိုင်ကြားသဖြင့် အလုံမြို့မရဲစခန်း က ၂၀၁၂ ခုနှစ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ ၊ ၂၀၁၆ ခုနှစ်၊ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၇၁ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

FBS သည်နိုင်ငံပေါင်း ၁၉၇ နိုင်ငံကျော်တွင်ရှိသော နိုင်ငံတကာ Broker တစ်ခုဖြစ်ပြီး၊ အရောင်းအဝယ် ပြုလုပ်သူ ၆,၀၀၀,၀၀၀ နှင့် ပူးပေါင်း လက်တွဲဆောင်ရွက်သူ ၁၃၀,၀၀၀ တို့က အကြိုက်ဆုံး Forex ကုမ္ပဏီအဖြစ် FBS ကို ရွေးချယ်ထားကြောင်း၊ ဖောက်သည်များ အတွေ့အကြုံကောင်းများ ရရှိစေရန် FBS သည် ဆီမီနာများနှင့် အထူး အခမ်းအနားပွဲစဉ်များ ဆောင်ရွက်ပေးခြင်း၊ ဖောက်သည်များအား လေ့လာသင်ယူနိုင်ရန် သင်ထောက်ကူများ၊ Cutting-edge အရောင်းအဝယ် နည်းပညာများနှင့် Forex ဈေးကွက်အတွင်းမှ နောက်ဆုံးရဗျူဟာများ ထောက်ပံ့ပေးခြင်းတို့ လုပ်ဆောင်နေသည်ဟု ယင်းကုမ္ပဏီ၏ အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။

J-16