News

POST TYPE

LATEST NEWS POST

မြန်မာလုပ်သား လှူဒါန်းသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြင့် တောင်ကိုရီးယားနိုင်ငံသားလေးဦး၏ အသက်ကိုကယ်ဆယ်
ဆိုးလ်၊ မတ် ၁၇

စက်ရုံတွင်းမတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့သည့် မြန်မာနိုင်ငံမှ အသက် ၄၄ နှစ်အရွယ် ရွှေ့ပြောင်းလုပ်သားတစ်ဦး လှူဒါန်းသော ကိုယ်အင်္ဂါအစိတ်အပိုင်းများဖြင့် တောင်ကိုရီးယား နိုင်ငံသား လေးဦး၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း KoreaJoonang Daily သတင်းစာကဖော်ပြသည်။

အဆိုပါအမျိုးသား၏ မိသားစုကလည်း ဆေးကုသစရိတ်နှင့် ဈာပနအတွက် ကုန်ကျစရိတ်အဖြစ် တောင်ကိုရီးယား အစိုးရကပေးသော ဝမ် ၅ ဒသမ ၄ သန်းကို လိုအပ်နေသော ကလေးငယ်များကို ပြန်လည် လှူဒါန်းပေးခဲ့သည်ဟုသိရသည်။

ကိုဝင်းထွဋ်ဇော်သည် ၂၀၁၂ ခုနှစ်ကတည်းက ရန်ကုန်မြို့မှ ကိုရီးယားသို့ လာရောက်၍ South Gyeongsang၊ Miryang ရှိ ကားပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် ကုမ္ပဏီတွင် လုပ်ကိုင်နေခြင်းဖြစ်သည်။

ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စက်ရုံအတွင်း လဲကျပြီး ခေါင်းထိသွားခဲ့သလို ဦးနှောက်တွင်ပါ ဒဏ်ရာရသွားခဲ့သည်။ မြန်မာနိုင်ငံမှ မိသားစုက စနေ၊ တနင်္ဂနွေရက်များတွင် အနားယူရန် ကိုဝင်းထွဋ်ဇော်ကို မကြာခဏ တိုက်တွန်းလေ့ ရှိသော်လည်း ပိုကြိုးစားလုပ်ရန်လိုသည်ဟုသာ တုံ့ပြန် လေ့ရှိသည်ဟု မိသားစုဝင်များက ပြန်လည် ပြောကြားခဲ့သည်။

မတော်တဆထိခိုက်ခဲ့ပြီးနောက် ဘူဆန်ရှိတက္ကသိုလ်ဆေးရုံတွင် ဦးနှောက်သွေးလွန်မှုအတွက် ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။ ခွဲစိတ်ပြီးနောက် ပြန်လည် သက်သာလာခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ထူထောင်ရေး ဆေးရုံတစ်ရုံသို့ ရွှေ့ပြောင်းပေးခဲ့သည်။

သို့သော်လည်း နောက်တစ်နေ့ နံနက်တွင် နှလုံးရပ်သွားပြီး တက္ကသိုလ်ဆေးရုံသို့ ပြန်လည်ရွှေ့ပြောင်းပေးခဲ့သည်။

အထူးကြပ်မတ်ကုသဆောင်တွင် နောက်နှစ်ပတ်တိတိ ကုသခဲ့သော်လည်း အခြေအနေ ပြန်မကောင်းလာခဲ့ဘဲ နောက်ဆုံးတွင် ဦးနှောက်သေသွားပြီဟု ဆုံးဖြတ်ခဲ့ရသည်။ မြန်မာနိုင်ငံမှ ကိုဝင်းထွဋ်ဇော်၏ အစ်မဖြစ်သူမှာ ကိုရီးယားသို့ ရောက်ရှိလာချိန်တွင် မောင်ဖြစ်သူ နှလုံးရပ်သွားပြီဆိုခြင်းကို သိခဲ့ရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဆရာဝန်က အခြေအနေကိုရှင်းပြခဲ့ပြီး နောက် အစ်မဖြစ်သူက ကိုဝင်းထွဋ်ဇော်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ လှူဒါန်းရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။

မတ်လ ၃ ရက်နေ့တွင် ကိုဝင်းထွဋ်ဇော်၏ နှလုံး၊ အသည်းနှင့် ကျောက်ကပ်များကို ကိုရီးယားလူနာ လေးဦးထံ လှူဒါန်းခဲ့သည်။ တောင်ကိုရီးယားတွင် နိုင်ငံခြားသားများက ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းသည်မှာ ရှားပါးဖြစ်စဉ်ဖြစ်ပြီး နှစ်စဉ် နှစ်ကြိမ်ပင် မပြည့်တတ်ပေ။

ကိုဝင်းထွဋ်ဇော်၏ အစ်မဖြစ်သူက မောင်ဖြစ်သူ အသက်ရှင်နေစဉ်က ရက်ရော သဘောကောင်းသည့်စိတ်ထားနှင့် မိသားစု၏ ဗုဒ္ဓဘာသာ ယုံကြည်မှုအရ မောင်ဖြစ်သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ လှူဒါန်းရန် သဘောတူခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။

ကိုဝင်းထွဋ်ဇော်သည် အသက်ရှင်စဉ်ကလည်း ငွေကြေးမတတ်နိုင်သော မိသားစုများမှ ကလေးငယ်များ ရှင်ပြုနိုင်ရေးအတွက် အစဉ်တစိုက် လှူဒါန်းခဲ့သူဖြစ်သည်ဟုဆိုသည်။ အဒေါ်ဖြစ်သူ ကျောက်ကပ်ခွဲစိတ်ရန်လည်း စိုက်ထုတ်ပေးခဲ့သူဟုသိရသည်။

ကိုဝင်းထွဋ်ဇော်၏ ဈာပနကို Miryang ရှိဆေးရုံတွင်ပင် ကျင်းပခဲ့ပြီး ယင်းမြို့တွင်ပင် မတ်လ ၆ ရက်နေ့က မြှုပ်နှံခဲ့သည်။

“ဒီဘဝမှာ ကောင်းမှုကုသိုလ်လုပ်တဲ့သူတွေဟာ နောက်ဘဝမှာ အကျိုးပေးကောင်းတယ်လို့ ကျွန်မတို့ ယုံကြည်ကြပါတယ်၊ ကျွန်မမောင်လေးက လူတွေ လိုအပ်တဲ့အရာကို အမြဲမှဝေပေးခဲ့သူပါ။ အခုလည်း တခြားသူရဲ့အသက်ကို ကယ်နိုင်ခဲ့လို့ သူ ပျော်ရွှင်မှာပဲလို့ ကျွန်မယုံကြည်ပါတယ်”ဟု ကိုဝင်းထွဋ်ဇော်၏ အစ်မက ပြောသည်။

ကိုဝင်းထွဋ်ဇော်၏ ဈာပနစရိတ် ကာမိစေရန် ဝမ် ၃ ဒသမ ၆ သန်းနှင့် ဆေးရုံစရိတ်များ ကာမိစေရန် ဝမ် ၁ ဒသမ ၈ သန်းကို တောင်ကိုရီးယား အစိုးရက ထောက်ပံ့ပေးခဲ့သော်လည်း မိသားစုက ယင်းငွေများကိုပါ ပြန်လှူခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ကိုရီးယားအသင်းက ကိုဝင်းထွဋ်ဇော် ဘွဲ့ရခဲ့သော တက္ကသိုလ်တွင် ပညာတော်သင်ဆု ပေးအပ်ရန်စီစဉ်နေပြီး ကိုဝင်းထွဋ်ဇော်ကို ဂုဏ်ပြုသည့် လူမှုဖူလုံရေး ရန်ပုံငွေတစ်ခု ထူထောင်ရန်ပါ စီစဉ်နေကြောင်း ထုတ်ပြန်ထားသည်။

F-03