News

POST TYPE

LATEST NEWS POST

ဆီးရီးယားတွင် အဓိကတိုက်ပွဲကြီးနှစ်ခု အရှိန်မြင့်တက်လာမှုကြောင့် သေဆုံးမှုနှင့် ထွက်ပြေးမှုများတိုးပွား
18-Mar-2018 tagged as ဆီးရီးယား



ဒမတ်စကတ်၊ မတ် ၁၇ 

ဆီးရီးယားတွင် အဓိကတိုက်ပွဲကြီးနှစ်ခု အရှိန်မြင့်တက်လာမှုကြောင့် အရပ်သား ထောင်ပေါင်းများစွာပိတ်မိနေပြီး အဝိုင်းခံနယ်မြေများမှ အရပ်သားထောင်ပေါင်းများစွာ သောကြာနေ့က ထွက်ပြေးလာကြသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

သူပုန်များထိန်းချုပ်ထားသော အရှေ့ဂုတ်တားကို ရုရှားကျောထောက် နောက်ခံပေးထားသော အစိုးရတပ်များက ဝိုင်းပတ်ဖိအားပေးနေပြီး လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်နေသောကြောင့် ဒုက္ခရောက်နေသော အရပ်သားများ ဒုတိယနေ့အဖြစ် ထွက်ပြေးနေကြသည်။

ထို့အပြင် ကာ့ဒ်များထိန်းချုပ်ထားသော အေဖရင်မြို့တွင်လည်း တူရကီတပ်များနှင့် သူပုန်တပ်ဖွဲ့များ အမြောက်မိုးရွာမှုကြောင့် အနည်းဆုံး ၂၇ ဦးသေဆုံးခဲ့ပြီး လူ ၂၅၀၀ ကျော် ထွက်ပြေးသွားခဲ့သည်။ အေဖရင်ကို ထိန်းချုပ်ထားသောကာ့ဒ် YPG တပ်ဖွဲ့က တူရကီတပ်များကို ရင်ဆိုင်တိုက်ခိုက်နေသည်ဟု ပြောကြားခဲ့သည်။

ဆီးရီးယားတွင် အစ္စလာမ်ကာလီ ဖိတ်နယ်မြေထူထောင်ခဲ့သော IS အဖွဲ့ မနှစ်က ရှုံးနိမ့်သွားခဲ့ပြီးနောက် ထိန်းချုပ်နယ်မြေများတိုးချဲ့ရန် ဆီးရီးယားအစိုးရတပ်နှင့် တူရကီတပ်များက ကြိုးစားနေကြခြင်းဖြစ်သည်။

ရှစ်နှစ်ကာလသို့ ဝင်ရောက်လာသော ဆီးရီးယားစစ်ပွဲအတွင်း လူပေါင်းသန်းဝက်မျှ သေဆုံးခဲ့ပြီး ၁၁ သန်းခန့် နေအိမ်များစွန့်ခွာထွက်ပြေးခဲ့ရာ ၎င်းတို့အနက် ခြောက်သန်းခန့်မှာ ယနေ့ခေတ်၏ အဆိုးဝါးဆုံး ဒုက္ခသည်များအဖြစ် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ဆီးရီးယားအစိုးရက အရှေ့ဂုတ်တားထိုးစစ်ကို လွန်ခဲ့သောတစ်လက စတင်ခဲ့ပြီး တူရကီတို့က နယ်စပ်ဖြတ်ကူး အေဖရင်ထိုးစစ်ကို ဇန်နဝါရီလက စတင်ခဲ့သည်။

ရုရှားနှင့် အီရန်က ထောက်ပံ့ပေးထားသော ဆီးရီးယားအစိုးရတပ်များသည် အရှေ့ဂုတ်တားကို သုံးပိုင်းခွဲပစ်လိုက်ရာ အစားအစာနှင့် ဆေးဝါးအရေးပေါ်လိုအပ်နေသော အရပ်သား ၄၀၀,ဝ၀၀ ခန့် ပိတ်မိနေသည်ဟု ကုလသမဂ္ဂက ယုံကြည်နေသည်။

လပိုင်းအတွင်း ပထမဆုံးအဖြစ် အစိုးရက ထိုးစစ်ကိုရပ်ဆိုင်းပေးထားရာ ဒေသခံလူထုမှာ ကလေးများနှင့် အထုပ်များကိုဆွဲကာ ဘေးလွတ်ရာသို့ ထွက်ပြေးလာကြသည်။ ယခုရက်ပိုင်းအတွင်း အရှေ့ဂုတ်တားမှ ထွက်ပြေးလာသူ ၁၂,ဝ၀၀ မှ ၁၆,ဝ၀၀ အထိရှိခဲ့ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသော အေဖရင်မှ ထွက်ပြေးသူ ၄၈,ဝ၀၀ ခန့်ရှိသည်ဟု သိရှိရသည်။

သူပုန်ထိန်းချုပ်နယ်မြေ ၇၀ ရာခိုင်နှုန်းခန့်ကို ပြန်လည်ရရှိထားပြီဟု ဆီးရီးယားစစ်တပ်နှင့် မဟာမိတ်များက သောကြာနေ့တွင် ပြောကြားသည်။ ထွက်ပြေးလာသော အရပ်သားများကို အစားအစာနှင့် နေထိုင်စရာများပေးမည်ဟု ဆီးရီးယားစစ်တပ်က ကြေညာထားသည်။

အဝိုင်းခံနယ်မြေများတွင် သူပုန်များက အရပ်သားများကို လူသားဒိုင်းကာအဖြစ် အသုံးချနေသည်ဟု မော်စကိုနှင့် ဒမတ်စကတ်က စွပ်စွဲထားပြီး သူပုန်များကမူ ထိုအချက်ကို ငြင်းပယ်ကြသည်။

အရှေ့ဂုတ်တားလေကြောင်းထိုးစစ် ကြောင့် ကတ်ဖ်ဘာနာမြို့တွင် ကလေး ၁၄ ဦးအပါအဝင် လူပေါင်း ၈၀ သေဆုံးခဲ့ သည်ဟု အကဲခတ်စောင့်ကြည်သူများက ပြောကြားသည်။ 

အရှေ့ဂုတ်တားမှ ထွက်ပြေးလာသူ ၅၅,ဝ၀၀ ခန့်ကို ကူညီစောင့်ရှောက်ရန် အစီအစဉ်များကို ချမှတ်လုပ်ဆောင်နေသည်ဟု ယူနီဆက်က ပြောကြားသည်။

နယ်မြေသိမ်းပိုက်ရေး စစ်ဆင်ရေးများအတွင်း သူပုန်များကို တူရကီနယ်စပ်သို့ တိမ်းရှောင်နိုင်ရန် ဆီးရီးယားအစိုးရက ထွက်ပေါက်ပေးထားသည်။ အရှေ့ဂုတ်တားတွင်လည်း ရုရှားစစ်ဘက်က သူပုန်များကို အလားတူ ထွက်ပေါက်ပေးထားသော်လည်း သူပုန်များက လက်ရှိအချိန်အထိ ငြင်းဆန်နေကြသည်ဟု သိရှိရသည်။

ကုလလုံခြုံရေးကောင်စီက ရက်ပေါင်းသုံးဆယ် အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားသည့်ကြားမှ အရှေ့ဂုတ်တားနှင့် အေဖရင်တွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေခဲ့သည်။ 

ဂုတ်တားမှ သူပုန်များသည် အပစ်ရပ်စာချုပ်ဖြင့် အကာအကွယ်မပေးနိုင်သော အကြမ်းဖက်သမားများဖြစ်သည်ဟု မော်စကိုနှင့် ဒမတ်စကတ်က ပြောကြားသည်။ ကာ့ဒ် YPG တပ်ဖွဲ့ကိုလည်း တူရကီက အလားတူစွပ်စွဲပြောဆိုလျက်ရှိသည်။

ဆီးရီးယားသူပုန်များကို တိုက်ခိုက်နေသော တူရကီ၊ အီရန်၊ ရုရှားသုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ဆီးရီးယားအရေးကို ဆွေးနွေးရန်အတွက် ကာဇက်စတန်မြို့တော် အက်စတာနာတွင် တွေ့ဆုံခဲ့ကြသည်။  

F-04