News

POST TYPE

LATEST NEWS POST

စစ်တွေ မိုင်းပေါက်ကွဲမှုကြောင့် အဖမ်းခံထားရသူ ဦးနိုင်စိုး ကျန်းမာရေးစစ်ဆေးမှုခံယူ
17-Mar-2018

စစ်တွေ၊ မတ် ၁၇ 

စစ်တွေမြို့တွင် မိုင်းသုံးလုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ သံသယရှိ၍ ဖမ်းဆီးခံထားရသော ရခိုင်အမျိုးသားကောင်စီ (ANC) မှ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်နှင့် လူမှုရေးဌာနတာဝန်ခံ ဦးနိုင်စိုးကို မတ်လ ၁၇ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့မ ရဲစခန်းတွင် ကျန်းမာရေး စစ်ဆေးခဲ့ကြောင်း စစ်တွေမြို့ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန်က ပြောကြားသည်။

ဦးနိုင်စိုးမှာ အသည်းရောင် အသား ဝါ ဝေဒနာရှင်တစ်ဦးဖြစ်ပြီး မျက်လုံးများ ဝါနေပြီး နေမကောင်းသဖြင့် မိသားစုဝင်များက ကျန်းမာရေး အခြေအနေကို စိုးရိမ်သောကြောင့် စစ်ဆေးပေးရန် အကူအညီ တောင်းခဲ့ကြောင်း၊ ယင်းကြောင့် လက်ထောက်ဆရာဝန်က စစ်တွေမြို့မရဲစခန်းထံ လာရောက်ကာ စစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အခုတော့ ပုံမှန်ပါပဲ၊ အရင်ကတော့ ညအိပ်ပျက် အားနည်းလို့ဖြစ်မယ်ထင်တယ်။ မိသားစုကတော့ သွေးဖောက် စစ်ဆေးချင်တယ်လို့ပြောတယ်။ ဒါကတော့ ကျွန်တော့်အနေနဲ့ လုပ်ပိုင်ခွင့်မရှိလို့ အထူးကု ဆရာဝန်ကြီးတွေနဲ့ စစ်ဆေးဖို့ ပြောခဲ့တယ်”ဟု လက်ထောက်ဆရာဝန်က ပြောသည်။

၎င်းသည် ၂၀၀၉ ခုနှစ်က အကြမ်းဖက် ဖောက်ခွဲမှုတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ရသော်လည်း လေးနှစ်ခွဲဖြင့် ပြန်လည် လွတ်မြောက်လာကြောင်း၊ ၂၀၁၃ ခုနှစ်မကုန်မီ အိမ်ထောင်ကျပြီးနောက် အသည်းရောင် အသားဝါ ဖြစ်သည်ကို သိရကြောင်း၊ ၎င်းမှာ စစ်တွေမှ ရန်ကုန်သို့ သွားရောက်ကာ ဆေးကုသနေရကြောင်း ဦးနိုင်စိုး၏ ဇနီး ဒေါ်ကေခိုင်ဝင်းက ပြောသည်။

ဦးနိုင်စိုးကို စစ်ဆေးရာတွင် မိုင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခြင်းထက် ရခိုင်အမျိုးသားကောင်စီ၏ အကြောင်းအရင်းများကိုသာ ပို၍မေးမြန်းကြောင်း ၎င်း၏ညီဖြစ်သူ ကိုရဲပိုင်စိုးကဆိုသည်။

ဖေဖော်ဝါရီလ ၂၄ ရက်က ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏အိမ်၊ ပြည်နယ် တရားလွှတ်တော်ရုံးရှေ့နှင့် ပြည်နယ်မြေစာရင်း ဦးစီးဌာနရုံးရှေ့တို့တွင် ချိန်ကိုက်မိုင်း သုံးလုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ၂၅ ရက် ညနေပိုင်းက ဦးနိုင်စိုးကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဝရမ်းမပါရှိဘဲ စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။

ဦးနိုင်စိုးသည် ယခုအချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ကိုင်နေသူဖြစ်ကြောင်း အမြန်ဆုံးလွှတ်ပေးရန် ရခိုင်အမျိုးသားကောင်စီက ဖေဖော်ဝါရီ လကုန်ပိုင်းတွင် တောင်းဆိုခဲ့သည်။
လက်ရှိတွင် မိုင်းပေါက်ကွဲမှုနှင့် သံသယရှိ၍ ဦးနိုင်စိုးအပါအဝင် ကိုးဦးကို ဖမ်းဆီးချုပ်နှောင်ကာ စစ်ဆေးမေးမြန်းလျက်ရှိသည်။

R-22