News

POST TYPE

LATEST NEWS POST

ဆီဆိုင်တွင် နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်
ရန်ကုန်၊ မတ် ၁၇

ရှမ်းပြည် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပန်လွန်ကျေးရွာတွင် ဇနီးချင်း စကားများရန်ဖြစ်ထားသည့် ကိစ္စနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူများပါ ထပ်မံစကားများ ရန်ဖြစ်ခဲ့ရာမှ နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

လူသတ်မှုကျူးလွန်သူ အသက် ၃၂ နှစ် စိုင်းကီး (ခ) အိုက်ကီးမှာ မတ်လ ၁၅ ရက် မွန်းလွဲပိုင်းက တစ်ရွာတည်းနေ စိုင်းဆု၊ စိုင်းအွမ်တို့နှင့်အတူ အရက်အတူ ထိုင်သောက်ခဲ့ကြောင်း၊ ယင်းနောက် အရက်မူးလာစဉ် ၎င်းတို့ ဇနီးများ စကားများရန်ဖြစ်ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့အချင်းချင်းပါ ထပ်မံ စကားများရန်ဖြစ်ခဲ့ရာမှ စိုင်းကီး (ခ) အိုက်ကီးက ဓားဖြင့်ခုတ်ခဲ့သောကြောင့် အသက် ၄၁ နှစ် စိုင်းအွမ်နှင့် အသက် ၄၆ နှစ် စိုင်းဆုတို့မှာ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

“မိန်းမတွေ အချင်းချင်း ရန်ဖြစ်ထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်ချက်ကို အရက်မူးလာချိန်မှာ ထပ်ပြောကြရာက လူသတ်မှုဖြစ်ခဲ့တာလို့ သိရတယ်။ တရားခံကို ဖမ်းမိထားပါတယ်”ဟု ဆီဆိုင်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးအုန်းလွင်က ပြောသည်။

လူသတ်မှုကျူးလွန်သူ စိုင်းကီး (ခ) အိုက်ကီးကို ဆီဆိုင်မြို့နယ်ရှိ ဘန်းယာဉ် နယ်မြေရဲစခန်း၌ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03