News

POST TYPE

LATEST NEWS POST

မုံရွာတွင် ခွေးဖမ်းသူသုံးဦးကိုဖမ်းဆီး


မုံရွာ၊ မတ် ၁၇

ခွေးများကို ဖမ်းဆီးကာ လှောင်အိမ်အတွင်းထည့်၍ ဆိုင်ကယ်နှစ်စီးဖြင့် သယ်ဆောင်မည့် ခွေးဖမ်းသူသုံးဦးကို ယနေ့ (မတ်လ ၁၇ ရက်) နံနက် ၈ နာရီကျော်က မုံရွာမြို့ မြို့သစ်ရပ်ရှိ ယာခင်းတစ်ခုအနီး နွားခြံတစ်ခြံ၌ ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရှိရသည်။

မြို့သစ်ရပ် ယာခင်းတစ်ခုအနီးရှိ နွားခြံထဲတွင် ခွေးဖမ်းသူများ စတည်းချကာ ဖမ်းဆီးနေကြောင်း သတင်းရ၍ ချောင်းမြောင်းနေစဉ် ခွေး ၈ ကောင်ကို လှောင်အိမ်အတွင်းထည့်၍ ဆိုင်ကယ်နှစ်စီးဖြင့် သယ်ဆောင်သူ ၃ ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း မြို့သစ်လူငယ်အသင်းထံမှ သိရှိရသည်။

မြို့သစ်လူငယ်မှ ဦးလှဌေးက “ရေဦးနယ်က လူငယ်သုံးဦး ညထဲက ဆိုင်ကယ်နှစ်စီး၊ ခွေးဖမ်းတဲ့ ကွင်းတွေ၊ ကြိုးတွေ၊ ပစ္စည်းပစ္စယတွေနဲ့ ရောက်လာပြီး သူတို့ဖမ်းထားတဲ့ ခွေး ၈ ကောင်နဲ့အတူ ရေဦးဘက်ပြန်ဖို့လုပ်တုန်း ဖမ်းမိတာ”ဟု ပြောကြားသည်။

ဖမ်းမိထားသည့် ခွေးများ၏ ကိုယ်လုံးနှင့် ခြေ၊ လက်တို့တွင် ဒဏ်ရာများရရှိထားသည်ကို တွေ့ရသည်။ ခွေးဖမ်းသူသုံးဦးသည် ကိုအောင်ကိုကို (၂၆ နှစ်) တန့်ဆည်မြို့နယ်၊ ကိုရန်ပိုင်စိုး (၂၉ နှစ်) ရေဦးမြို့နယ်နှင့် ကိုအောင်သိန်းထွေး (၃၁ နှစ်) ရေဦးမြို့နယ်တို့ဖြစ်ကြောင်း မြို့သစ်လူငယ်အဖွဲ့ထံမှ သိရှိရသည်။

၎င်းတို့ကို စစ်မေးချက်အရ ခွေးများကို အမှိုက်ပုံများအနီး ကျော့ကွင်းထောင်ဖမ်းယူကာ ရေဦး၊ တန့်ဆည်နယ်ရောက်ပါက အဝယ်သမားများက တစ်ကောင် ကျပ်တစ်သောင်းပေးဝယ်ကြောင်း၊ ယခုကဲ့သို့ ခွေးဖမ်းဆီးခြင်းမှာ ၎င်းတို့အနေနှင့် ပထမဆုံးအကြိမ်ဖြစ်ပြီး ခွေးဖမ်းဆီးမှုကို အရေးယူမှန်းသိရှိပါက ဖမ်းဆီးမည်မဟုတ်ကြောင်း ထွက်ဆိုထားကြသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မုံရွာမြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးကျင်စိန်က “မြို့မစခန်းမှာ ချုပ်ထားပါတယ်။ မုံရွာမှာ ခွေးဖမ်းသမားကို ပထမဆုံးဖမ်းမိတာ။ တခြားမြို့တွေမှာ ညဘက်ဖမ်းမိတဲ့ ခွေးဖမ်းသမားကို မှောင်ရိပ်ခိုမှုနဲ့ဖမ်းတယ်။ ထောင်တစ်လ ကျသွားတာမျိုးရှိတယ်။ အခုအမှုကိုတော့ ခိုးမှု၊ မသင်္ကာမှုနဲ့ အရေးယူထားတယ်”ဟု ပြောကြားသည်။

ခွေးဖမ်းအဖွဲ့တွင် အသေဖမ်းနှင့် အရှင်ဖမ်းဟု၍ နှစ်ဖွဲ့ရှိပြီး အသေဖမ်းသူများက အသားခြောက်လုပ်ရောင်းချပြီး အရှင်ဖမ်းသူများက တမူး၊ မိုးလေးသို့ပို့ကာ နယ်စပ်သို့ ခွေးတစ်ကောင် ခုနစ်သောင်းခန့်ဖြင့် ရောင်းချလေ့ရှိကြောင်း၊ မုံရွာ - ရေဦး တောဂျင်ဂိတ်များကိုဖြတ်ကာ တမူးလမ်းအတိုင်း ဆိုင်ကယ်များဖြင့် ပို့ဆောင်လေ့ရှိကြောင်း မြို့ခံများထံမှ သိရှိရသည်။

R-08