News

POST TYPE

LATEST NEWS POST

ဖားကန့်တွင် မြေစာပုံပြိုကျ၊ ရေမဆေးသမား ၄၀ ဦးခန့် ပျောက်ဆုံး
17-Mar-2018



မြစ်ကြီးနား၊ မတ် ၁၇

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကန်ခါမှော်ရှိ စုပေါင်းမြေစာပုံတစ်ခု မတ်လ ၁၆ ရက်နေ့ ည ၁၀ နာရီခွဲခန့်က ပြိုကျမှုကြောင့် ရေမဆေးသမား စုစုပေါင်း ၄၀ ဦးပတ်ဝန်းကျင်ခန့် ပျောက်ဆုံးလျက်ရှိကြောင်း ယင်းမြေစာပုံပြိုကျသည့်နေရာသို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

“အခုအဲမှာ မျက်မြင်သက်သေ ရေမဆေးတွေရဲ့ပြောကြားချက်အရ ၃၀၊ ၄၀ ပတ်ဝန်းကျင်လောက် မြုပ်သွားတယ်လို့ ခန့်မှန်းရတယ်။ ဒါပေမယ့် အခုလက်ရှိအထိ လူပျောက်စာရင်းရထားက ငါးဦးရှိတယ်။ ကုမ္ပဏီကားကတော့ မြေတင်ကားနှစ်စီးမြုပ်နေတယ်”ဟု ယင်းမြေစာပုံပြိုကျသည့်နေရာသို့ ရောက်ရှိနေသည့် ဖားကန့်အခြေစိုက် Green Land သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဦးယိန်းခေါက ပြောသည်။

အဆိုပါ မြေစာပုံပြိုကျမှုကြောင့် အမျိုးသားနှစ်ဦးဒဏ်ရာရှိသူ နှစ်ဦးရှိပြီး အနီးပတ်ဝန်းကျင်ပြောစကားချက်များအရ မြေစာပုံအောက်သို့ ၃၀ ကျော်၊ ၄၀ ကျော်ခန့် ပိမိနေနိုင်သည်ဟု ဆိုသော်လည်း လက်ရှိအချိန်တွင် အသေးစိတ်ကိုမူ မသိရှိရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ မြေပြိုကျသည့်နေရာသည် တစ်သုံးလုံး ကုမ္ပဏီအပိုင်ရှိ စုပေါင်းမြေစာပုံဖြစပြီး မြေပြိုမှုကြောင့် သေဆုံးသူစာရင်းနှင့် လူပျောက်စာရင်း အတိအကျကို စိစစ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဖားကန့်မြို့နယ်မှ ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှဆိုင်းက ပြောသည်။

“မြေစာပုံက အရမ်းမြင့်တော့ တူးရှာရင်းနဲ့ ခါးပြတ်ပြိး ပြိုကျတာပေါ့။ သတင်းစကားတွေ အရတော့ လေးဆယ်လောက် ဖိမိနိုင်တယ်လို့ သိရတယ်။ အခုမှ ရှာဖွေရေးတွေလုပ်နေတယ်။ အတိအကျ မသိရသေးဘူး” ဟု ဆိတ်မူကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးရွှေသိန်းက ပြောကြားသည်။