News

POST TYPE

LATEST NEWS POST

သံတောင်ကြီးတွင် တောင်တက်မာရသွန်ခရီးကြမ်းပြိုင်ပွဲ ပထမဆုံးအကြိမ်ကျင်းပ


တောင်ငူ၊ မတ် ၁၇

နိုင်ငံခြားသားများ သွားလာခွင့်ကန့်သတ်ထားခဲ့သည့် သံတောင်ကြီးတွင် နိုင်ငံတကာအပြေးသမားများပါဝင်သည့် တောင်တက်မာရသွန် ခရီးကြမ်းပြိုင်ပွဲကို ယနေ့ (မတ်လ ၁၇ ရက်) နံနက်ပိုင်းက ပထမဆုံးအကြိမ်ကျင်းပခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သည့် ရှင်​​ဂျော့ဂျက်​ဘုရားရှိခိုး​ကျောင်း ဆရာတော် (ဖာသာ) တင်အုန်းက ပြောကြားသည်။

ယင်းဒေသကို နိုင်ငံခြားသားများ ဝင်ထွက်သွားလာခွင့်ကန့်သတ်ခဲ့ရာမှ လွန်ခဲ့သည့် ၃ နှစ်ခန့်မှစကာ ပြန်လည်ခွင့်ပြုခဲ့သဖြင့် ကရင်ပြည်နယ်မြောက်ဖျားပိုင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန် ယခုကဲ့သို့ ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သံတောင်ကြီးဒေသသည် ယခင်က ကရင်လက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် တပ်မတော်တို့ ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း ပြီးခဲ့သည့်ခြောက်နှစ်အတွင်း ငြိမ်းချမ်းလာပြီး နော်ဘူဘောဆုတောင်းတောင်ကြောင့် ပြည်တွင်းခရီးသွားများ အမြောက်အများ ဝင်ရောက်လာသည့် ဒေသဖြစ်သည်။

မာရသွန်ခရီးကြမ်း ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ်မှ Ms.Alexa Magee က သံတောင်ကြီးဒေသသို့ ယခင်ကတစ်ကြိမ်တစ်ခါမျှ ရောက်ဖူးသေးခြင်း မရှိသေးသည့်အပြင် တောတောင်ရေမြေသဘာဝကို ခံစားလိုခြင်းကြောင်း ပြိုင်ပွဲသို့ လာရောက်ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

တောင်တက်မာရသွန်ခရီးကြမ်းပြိုင်ပွဲတွင် အမေရိကန်ပြည်ထောင်စု၊ ဥရောပနှင့် အာရှနိုင်ငံ ၁၇ နိုင်ငံမှ မာရသွန်အပြေးသမား ၄၅ ဦးခန့် (ပြည်တွင်းမှ ၈ ဦး) ပါဝင်၍ သံတောင်ကြီး-ဘောဂလိလမ်းဆုံးနေရာမှစ၍ တာလွှတ်ခဲ့ခြင်းဖြစ်ပြီး သံတောင်ကြီးမြို့အတွင်း ပန်းဝင်ကြမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ပထမဆုရရှိသူကို ကရင့်ရိုးရာအထိမ်းအမှတ် ကျွဲချိုနှင့် ဒေသထွက်လက်ဆောင်များ ချီးမြှင့်မည်ဖြစ်ပြီး ပန်းဝင်သူများကို ဆုတံဆိပ်နှင့် ဒေသထွက်လက်ဆောင်များ ပေးမည်ဖြစ်ကြောင်း သံတောင်ကြီးခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရှိရသည်။

တောက်တက် မာရသွန် ခရီးကြမ်းပြိုင်ပွဲကို MRTI တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲ့ ၊ peace nuxes နှင့် ဟန်ဆိုင်ဒယ်ဖေါင်ဒေးရှင်းတို့ ပူးတွဲကျင်းပခဲ့ခြင်းဖြစ်ကြောင်း သံတောင်ကြီးခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရှိရသည်။

R-15