News

POST TYPE

LATEST NEWS POST

အိမ်အကူမိန်းကလေးကို အက်စစ်ဖြင့်ပက်သည့်အိမ်ရှင် ရမန်ထပ်ယူ
14-Mar-2018 tagged as မန္တလေး


မန္တလေး၊ မတ် ၁၄

ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် မိန်းကလေးကို အက်စစ်ဖြင့်ပက်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် အိမ်ရှင်နှစ်ဦးကို ဒုတိယမြောက်ရမန်ပေးထားကြောင်း ချမ်းမြသာစည် မြို့နယ်တရားရုံးထံမှ သိရသည်။

“မတ်လ ၁ ရက်နေ့က ချုပ်ခွင့်ရမန် နှစ်ပတ်ခွင့်ပြုထားပါတယ်။ ဒီနေ့ပြည့်သွားတဲ့အတွက် ဒုတိယအကြိမ် ထပ်လျှောက်တာ မတ်လ ၂၆ ရက်နေ့အထိ ခွင့်ပြုပေးထားပါတယ်။ ဒါပြီးရင်တော့ လုပ်ထုံးလုပ်နည်းအတိုင်း စီရင်ခွင့်ရှိတဲ့ တရားရုံးမှာ တရားစွဲဆိုတင်ပို့ရမှာပါ”ဟု ချမ်းမြသာစည်မြို့နယ် တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဦးကျော်စွာလင်းက ပြောကြားသည်။

ရွာငံမြို့နယ် နာဘမ်းကြီးကျေးရွာမှ အိမ်အကူ မနန်းမေဇင်ဦးကို ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် နေထိုင်သူ အိမ်ရှင်ဒေါ်မိုးမိုး၏ ချွေးမတော်စပ်သူ ဒေါ်နီနီနုနွယ်တို့က ၂၀၁၀ ပြည့်နှစ်တွင် အက်စစ်ဖြင့်ပက်ခဲ့သဖြင့် မျက်စိတစ်ဖက်ကွယ်ခြင်း၊ ဘယ်ဘက်ဦးခေါင်းတစ်ခြမ်းလုံးတွင် ဒဏ်ရာများရခြင်း၊ ဘယ်လက်ကွေးဆန့်၍ မရခြင်းများဖြစ်ခဲ့ကာ အိမ်ထဲတွင် ပိတ်လှောင်ကာ ညှဉ်းပန်းနှိပ်စက်ခဲ့သည်ဟုဆိုကာ တိုင်ကြားခဲ့သည့်အတွက် အောင်ပင်လယ် နယ်မြေရဲစခန်းက အမှုဖွင့်ဖမ်းဆီးထားသည့်အမှု ဖြစ်သည်။

ယင်းသို့ ညှဉ်းပန်းနှိပ်စက်မှုများခံခဲ့ရသည့် အိမ်အကူ မနန်းမေဇင်ဦးသည် မတ်လ ၁ ရက်နေ့က ထွက်ပြေးလွတ်မြောက်ခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ မန္တလေးတိုင်း အမျိုးသမီးရေးရာ အဖွဲ့တို့နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သော အမှုလည်းဖြစ်သည်။ 

ယင်းသို့ မနန်းမေဇင်ဦးကို လုပ်အားခ မပေးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ပိတ်လှောင်ခဲ့ခြင်းများ ပြုလုပ်ခဲ့သည့် ဒေါ်နီနီနုနွယ်နှင့် အိမ်ရှင် ဒေါ်မိုးမိုးတို့ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တရားလိုလုပ်ကာ အောင်ပင်လယ် နယ်မြေရဲစခန်းတွင် တိုင်ကြားခဲ့သောကြောင့် (ပ) ၁၀၁/၂၀၁၈၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၂၄/၃၂ တို့ဖြင့်လည်းကောင်း၊ နှိပ်စက်ခံရသူ မနန်းမေဇင်ဦး၏ တိုင်ကြားချက်အရ ဒေါ်နီနီနုနွယ်နှင့် ၎င်း၏ခင်ပွန်း ဦးသူရ၊ ဒေါ်မိုးမိုးတို့ကို (ပ)၁၀၆/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၃၄၄/၁၁၄ တိုဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

အမှုဖွင့်ခံထားရသူ သုံးဦးအနက် ဦးသူရမှာ ထွက်ပြေးတိမ်းရှောင်နေသောကြောင့် ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်းလည်း အောင်ပင်လယ် နယ်မြေရဲစခန်းထံမှ ထပ်မံသိရသည်။

ယခုပုဒ်မများသည် ထောင်ဒဏ် ၁၀ နှစ်မှ ထောင်တစ်သက်အထိ ချမှတ်နိုင်သည့် ပုဒ်မများဖြစ်သည့်အတွက် ခရိုင်တရားရုံးတွင် တရားစွဲဆိုရမည်ဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မများကိုမူ ချမ်းမြသာစည်မြို့နယ် တရားရုံးကပင် တရားစွဲဆိုရမည်ဖြစ်ကြောင်း ဦးကျော်စွာလင်းက ပြောဆိုသည်။

M-04