News

POST TYPE

LATEST NEWS POST

ဘင်္ဂလားဒေ့ရှ်မှ ရခိုင်တိုင်းရင်းသားများ မြန်မာနိုင်ငံသို့ ခိုလှုံ
14-Mar-2018

ရန်ကုန်၊ မတ် ၁၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တန်းဆိပ်မြို့နယ်၊ မော်တုတ်ကြီးကျေးရွာမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ခံယူထားသည့် ရခိုင်တိုင်းရင်းသား ၃၀၀ ခန့် မတ်လ ဒုတိယအပတ်၌ မြန်မာနိုင်ငံ မောင်တောမြို့သို့ ပြောင်းရွှေ့ခိုလှုံလာကြောင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ပြောင်းရွှေ့သူများ စာရင်းတွင် ရခိုင်၊ ခမီ၊ မြိုလူမျိုးများ အဓိကပါဝင်ပြီး ပြောင်းရွှေ့လာသူများအနက် မောင်တောမြို့နယ်ရှိ အောင်သပြေကျေးရွာတွင် ၈၁ ဦး၊ သုပဏ္ဏကကျေးရွာတွင် ၅၉ ဦး၊ သစ်တုံးနားခွကျေးရွာတွင် ၁၅၅ ဦးနှင့် မြဝတီကျေးရွာတွင် လေးဦးတို့ကို ပြန်လည် နေရာချပေးခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းရောက်နေတဲ့ ဒေသခံတိုင်းရင်းသားတွေ ပြောင်းလာကြတာပါ။ အားလုံးကို ကျေးရွာအလိုက် နေရာချပေးထားပါပြီ။ ဒီနှစ်ဆန်းကာလမှာ ပထမဆုံးရောက်လာတဲ့ အိမ်ထောင်စုတွေပေါ့”ဟု ၎င်းကဆိုသည်။

လက်ရှိတွင် နေရပ်စွန့်ခွာသည့် ဘင်္ဂါလီ သုံးထောင်ခန့်က မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာရောက်ခေါ်ဆောင်သော စက်လှေများနှင့် နေ့စဉ် ထွက်ခွာမှု ရှိနေချိန်တွင် ယင်းနိုင်ငံရှိ ဒေသခံ တိုင်းရင်းသား ၃၀၀ ခန့်က မောင်တောမြို့နယ်တွင် ပြန်လည် အခြေချနေထိုင်ရန် ပြောင်းရွှေ့လာခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒေသခံတွေ အခြေချဖို့ ကိုယ့်နိုင်ငံထဲ ပြန်ဝင်လာတာဆိုတော့ စားဝတ်နေရေးနဲ့ သက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ ရှိတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် အမှတ် ( ၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု ဌာနချုပ်က လုံခြုံရေးကွပ်ကဲရယူကာ နယ်ခြားခြံစည်းရိုး ကာရံရေးလုပ်ငန်းများကို စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးက ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုထားသည့် ကျပ်ငွေ ၂၆ ဘီလီယံခန့် အသုံးပြု၍ ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

J-17