News

POST TYPE

LATEST NEWS POST

ယန်ဟီးလီကိုရာထူးမှ ဖယ်ရှားပေးရန် ကုလသမဂ္ဂတွင် မြန်မာသံအမတ်ကြီး တောင်းဆို
14-Mar-2018

ဂျီနီဗာ၊ မတ် ၁၄

မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးထင်လင်းက ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအရာရှိ ယန်ဟီးလီ၏ တင်ပြချက်များကို ငြင်းဆန်ပယ်ချလိုက်ပြီး လူ့အခွင့်အရေးကောင်စီအနေနှင့် ယန်ဟီးလီကို ထုတ်ပယ်ပေးရန် တောင်းဆိုလိုက်ကြောင်း အေဂျင်စီသတင်းများတွင် ဖော်ပြထားသည်။

အထူးစုံစမ်းရေးမှူး ယန်ဟီးလီက မြန်မာ့တပ်မတော်သည် ကချင်နှင့် ကရင်ဒေသများတွင်လည်း ထိုးစစ်များ ပြန်လည် စတင်နေကြောင်း ပြောကြားအစီရင်ခံခဲ့သည်။ 

ရိုဟင်ဂျာ (မူရင်းသတင်း၏ အသုံးအနှုန်း) များအပေါ် ကျရောက်နေသော အတိဒုက္ခများသည် လူမျိုးတုံး သတ်ဖြတ်မှု လက္ခဏာဆောင်နေပြီဟု ပြောကြားခဲ့ကာ လူ့အခွင့်အရေးကောင်စီ အနေနှင့် ဘင်္ဂလားဒေ့ရှ်ဘက်တွင် ဒုက္ခသည် ၆ သိန်းခွဲအတွက် အကူအညီပေးမှုများ ထူထောင်ကာ၊ တရားစွဲဆိုအရေးယူနိုင်ရေး သက်သေ အထောက်အထားများ စုဆောင်းသင့်ပြီဟု ပြောကြားခဲ့သည်။ 

မြန်မာသံအမတ်ကြီး ဦးထင်လင်းက စွပ်စွဲချက်များကို အသေးစိတ် ပြန်လည် တုံ့ပြန်သွားခြင်းမရှိဘဲ မြန်မာ့ခေါင်းဆောင်ပိုင်းသည် အဆိုပါစွပ်စွဲမှုများကို ဂရုမစိုက်ဘဲ နေသည်ဆိုသည့်အချက်ကို မှားယွင်းကြောင်း ပြန်လည် တင်ပြခဲ့သည်။

“ကျွန်တော်တို့ခေါင်းဆောင်ပိုင်းနဲ့ အစိုးရက ယခုလိုရာဇဝတ်မှုများကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ သက်သေ အထောက်အထား ရှိတယ်ဆိုရင် အရေးယူ ဆောင်ရွက်ဖို့ အဆင်သင့်ပါ”ဟု မြန်မာ သံအမတ်ကြီးက ပြောကြားခဲ့သည်။ 

မြန်မာ့တပ်မတော်သည် ကချင်ပြည်နယ် တနိုင်းဒေသရွှေနှင့် ပယင်းတူးဖော်ရေး ဒေသများဘက်သို့ လက်နက်ကြီးများ အသုံးပြုကာ မြေပြင်ထိုးစစ်ပြုလုပ်နေကြောင်း သတင်းများရရှိသည်ဟု ယန်ဟီးလီက ပြောကြားခဲ့သည်။ 

ကရင်ပြည်နယ်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားသော KNU ၏ ထိန်းချုပ်ဒေသများတွင်လည်း တိုက်ပွဲများဖြစ်သည်ဟု အစီရင်ခံထားသည်။

F-02