News

POST TYPE

LATEST NEWS POST

တွံတေးမှ လှိုင်သာယာခရီးစဉ်ကို YBS ယာဉ်လိုင်း ပြေးဆွဲရန် စီစဉ်
14-Mar-2018 tagged as YBS

ရန်ကုန်၊ မတ် ၁၄

တွံတေးမှ အနောက်ပိုင်း တက္ကသိုလ်ကျောင်းကို စီးနင်းသည့်ကျောင်းသူ၊ ကျောင်းသားများ အခက်အခဲရှိသဖြင့် တိုင်းအစိုးရအဖွဲ့က တွံတေး-လှိုင်သာယာ ခရီးစဉ်ကို YBS ယာဉ်လိုင်း ပြေးဆွဲပေးရန် စီစဉ်နေကြောင်း တွံတေးမြို့နယ်၊ မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောကြားသည်။

“အနောက်ပိုင်းတက္ကသိုလ်အထိ ကျောင်းကားပြေးဆွဲရင် ကုန်ကျစရိတ် ပိုများလို့ တွံတေး-လှိုင်သာယာခရီးကို YBS ယာဉ်လိုင်းအဖြစ် ပြေးပေးမှာပါ။ ယာဉ်ကြီးတွေနဲ့ ဆွဲပေးဖို့ စီမံချက်ရေးဆွဲနေတယ်လို့ ဝန်ကြီးက ပြောပါတယ်”ဟု ၎င်းကဆိုသည်။

တွံတေး-လှိုင်သာယာ ခရီးစဉ်လမ်းကြောင်း ယာဉ်ကြီးများ ပြေးဆွဲနိုင်ပါက ခရီးသွားပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သွားလာမှု ကုန်ကျစရိတ် လျှော့ချနိုင်မည်ဖြစ်ပြီး ယာဉ်ကြီးများ ပြေးဆွဲပေးရန် စီမံချက်ရေးဆွဲလျက်ရှိသည်ဟု လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားခဲ့ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် တွံတေးမြို့နယ်မှ ရန်ကုန် အနောက်ပိုင်း တက္ကသိုလ်ကိုပြေးဆွဲသော YBS ယာဉ်လိုင်း မရှိသဖြင့် ကျောင်းသား၊ ကျောင်းသူများသည် တွံတေးမြို့နယ်မှ လှိုင်သာယာမြို့နယ်ကို တက္ကစီယာဉ်ငယ်များဖြင့်လည်းကောင်း၊ BOC မှတ်တိုင်မှ အနောက်ပိုင်းတက္ကသိုလ်ကျောင်းကို YBS ယာဉ်လိုင်းဖြင့်လည်းကောင်း အဆင့်ဆင့် စီးနင်းလျက်ရှိကြောင်း ခရီးသွားပြည်သူ များထံမှ သိရသည်။

“ကားကို စုပေါင်းငှားပြီး စီးနေရ တယ်။ တချို့ လိုက်ထရပ်နဲ့ ကျောင်းကား အဖြစ်ပြေးဆွဲတာလည်းရှိတယ်။ ကျောင်းသားတွေ တစ်ရက်ကို ယာဉ်စီးခ နှစ်ထောင်လောက်ကုန်တယ်။ ကျောင်းကားမောင်းတဲ့သူက လူငယ်တွေဖြစ်တော့ စည်းကမ်းတကျ မောင်းကျတာ မဟုတ်ဘူး”ဟု ဦးနေနိုင်ဦးက ဆိုသည်။

YBS ယာဉ်ကြီးများဖြင့် ပြေးဆွဲ ခြင်းစီမံချက်ကို ရေးဆွဲနေစဉ်ကာလအတွင်း ကျောင်းသူ၊ ကျောင်းသားများ အဆင်ပြေအောင် လတ်တလော စီးနင်းနိုင်မည့်ယာဉ်များ စီစဉ်ပေးထားရန်နှင့် ကျောင်းကားအဖြစ် မောင်းနှင်နေသူများကို YRTA မှ စည်းကမ်းပိုင်းထိန်းချုပ်ရန် မတ်လ ၁၆ ရက် တိုင်းဒေသကြီးလွှတ်တော်တွင် စာတင်တောင်းဆိုမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်အတွင်း ရှိ ဒလမှ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များသို့ (ဂ) လုပ်ငန်းလိုင်စင်ယာဉ်များဖြစ်သည့် ယာဉ်လတ်၊ ယာဉ်ငယ်များအပြင် အငှားတက္ကစီယာဉ်များဖြင့် ပြေးဆွဲ ပြီး ဒလ-တွံတေးခရီးစဉ်ကို YBS ၄၈ ယာဉ်လိုင်း၊ ဒလ-ကော့မှူး-ကွမ်းခြံကုန်း ခရီးစဉ်ကို YBS ၅၀ ယာဉ်လိုင်းအဖြစ် ပြေးဆွဲလျက်ရှိကြောင်း YRTA ထံမှ သိရသည်။

J-06