News

POST TYPE

LATEST NEWS POST

ကမ္ဘာကျော်ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း ၇၆ နှစ်တွင် ကွယ်လွန်


ကင်းဘရစ်ဂ်ျ၊ မတ် ၁၄

ကမ္ဘာကျော် ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်းသည် အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်သွားပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။

စတီဖင်ဟော့ကင်းသည် ဗုဒ္ဓဟူးနေ့အစောပိုင်းက ကင်းဘရစ်ဂ်ျရှိ နေအိမ်တွင် ငြိမ်းချမ်းစွာ ကွယ်လွန်သွားသည်ဟု ၎င်း၏ မိသားစုက ပြောကြားသည်။

ဗြိတိသျှလူမျိုး စတီဖင်ဟော့ကင်းသည် စကြာဝဠာတွင်းနက်နှင့် ရီလေတစ်ဗီတီအကြောင်း လေ့လာဖေါ်ထုတ်မှုများကြောင့် လူသိများပြီး အချိန်ကာလ၏ သမိုင်းအပါအဝင် သိပ္ပံပညာစာအုပ်များစွာကို ရေးသားခဲ့သည်။

ပါမောက္ခဟော့ကင်းသည် အသက် ၂၂ နှစ်အရွယ်တွင် ရှားရှားပါးပါး အာရုံကြောရောဂါကို ခံစားခဲ့ရပြီးနောက် ဝှီးချဲဖြင့် တစ်သက်တာနေထိုင်ခဲ့ရပြီး စကားပြောလျှင်လည်း အသံ ဆင်သီဆိုက်ဇာစက်ကို အသုံးပြုခဲ့ရသည်။

၎င်း၏ သားသမီးများဖြစ်သော လူစီ၊ ရောဘတ်နှင့် တင်မ်တို့က ချစ်လှစွာသောဖခင် ယနေ့ ကွယ်လွန်သွားသောကြောင့် အလွန်ဝမ်းနည်းကြောင်းနှင့် ၎င်းတို့၏ဖခင်သည် လုပ်ရပ်များ နှစ်ပေါင်းများစွာ ထင်ကျန်နေမည့် သာမန်ထက် ထူးကဲကြီးကျယ်သော သိပ္ပံပညာရှင်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့ကြသည်။

၎င်းတို့၏ဖခင်သည် ရဲရင့်ပြီး မဆုတ်မနစ် ဇွဲလုံ့လရှိကာ ၎င်း၏ ထူးချွန်မှုနှင့် ဥာဏ်ရွှင်မှုတို့က ကမ္ဘာတစ်လွှားမှ လူများကို လှုံ့ဆော်ပေးခဲ့သည်ဟု သားသမီးများက ပြောကြားသည်။

ပါမောက္ခဟော့ကင်းသည် ရီလေတစ်ဗီတီနှင့် ကွမ်တမ် သီအိုရီတို့ကို ပေါင်းစည်းထားသည့် စကြဝဠာဆိုင်ရာ ကော်စမော်လောဂျီ သီအိုရီကို ပထမဆုံး ချပြခဲ့သူဖြစ်သည်။ 

F-06