News

POST TYPE

LATEST NEWS POST

ရေတမံဖျက်လိုက်၍ လယ်​​ဧက ၂၀၀ ကျော် နွေစပါးစိုက်ရန် ခက်ခဲ
တောင်​ငူ၊ မတ်​ ၁၃

ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ရှမ်းစု​ကျေးရွာအနီးရှိ အောင်ရေတမံကို ယခုနှစ် ဇန်​နဝါရီလက ဖျက်​ဆီးခဲ့သည့်အတွက်​ အနီးတစ်​ဝိုက်​ လယ်​​မြေဧက ၂၅၀ ကျော်​ နွေစပါးစိုက်ရန် ရေမရသည့် အခက်အခဲများနှင့် ကြုံ​တွေ့​နေရကြောင်း ဒေသခံလယ်​သမားများထံမှ သိရသည်။

“ခု​ရေမရလို့ ​ရေတင်​စိုက်​ပျိုးရတဲ့အခါ တစ်​ဧက ကျပ်​တစ်​သိန်း​လောက်​ ပိုကုန်​ကျသွားတယ်​။ ဒီတမံလုပ်​ဖို့ကျွန်​တော်​က​ လျှောက်​ထားတာဖြစ်​ပြီး အခုဖျက်​ဆီးချိန်​ စာနဲ့လည်း အကြောင်းမကြားသလို ဖုန်းလည်းဆက်​ အသိ​ပေးခြင်းမရှိလို့ ထပ်​မ​လျှောက်​နိုင်​​တော့ပါဘူး”ဟု လယ်​​ ၈ ဧက ပိုင်ရှင် ဦး​အောင်​မြင့်က ​ပြောကြားသည်​။

အဆိုပါ​ ရေတမံကို ယခုနှစ်​ဇန်​နဝါရီလ ၁၉ ရက်​​နေ့က ဒိုက်​ဦးမြို့နယ်​အုပ်​ချုပ်​​ရေး အဖွဲ့ဝင်​များနှင့် ရဲတပ်​ဖွဲ့ဝင်​ အင်​အား ၃၀ ​ကျော်​ဖြင့် ဖျက်​ဆီးရိုက်​ချိုးခဲ့ပြီး ယင်းသို့ဖျက်ဆီးစဉ် ဧက ၃၀ ကျော်လည်း ပျက်စီးခဲ့ရကြောင်း ယင်းရေလှောင်တမံကို တောင်သူ ၅၀၀ ကျော်က ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ခွင့်ပြုချက်ဖြင့် ၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်းက ကုန်ထုတ်လမ်းအပါအဝင် ကျပ်သိန်း ၃၀ ကျော် အကုန်ကျခံပြီး ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့ကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။

အဆိုပါ ရေငန်ချောင်းအတွင်း ဆည်မြောင်းဦးစီးဌာန ခွင့်ပြုချက်​ဖြင့် ​ရေတမံ​လေးခု တည်​​ဆောက်​​ခွင့်ပေးထားပြီး တမံအထက်​ဘက်​ရှိ တောင်​သူများက ​ရေကိုလိုအပ်​သည်​ထက်​ ပိုမိုပိတ်လှောင်​ထားခြင်း​​ကြောင့် အောက်​ဘက်​ လယ်​ပိုင်​ရှင်​များက တိုင်​ကြားခဲ့သည့်အတွက်​ ​ကျေးရွာ လယ်​ယာမြေစီမံခန့်ခွဲရေး ကော်မတီနှင့် တာဝန်​ရှိသူများ ကွင်းဆင်းစစ်​​​ဆေးချက်​များအရ ထိပ်ဆုံးရေတမံအနီး လယ်​​မြေပိုင်​ရှင်​များ စည်းကမ်းချက်​ချိုး​ဖောက်​ထားကြောင်း စစ်​​ဆေး​တွေ့ရှိခဲ့သည့်အတွက် တမံကို ဖျက်​သိမ်းလိုက်​ရခြင်းဖြစ်​ကြောင်း ဒိုက်​ဦးမြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ဦးကောင်းမြတ်​ညီက ​ပြောကြားသည်​။

“သူတို့က ​ရေ​လေး​ပေ​လောက်​ ရယူထားကြတယ်​။ ဒါကို မလုပ်​ပါနဲ့တားတာ မရလို့​ ကျေးရွာလယ်/စီရဲ့ တင်​ပြချက်​နဲ့ ဖျက်​သိမ်းလိုက်​တာ။ ပြန်​​လျှောက်​ရင်လည်း ဥပ​ဒေနဲ့အညီ ခွင့်ပြု​ပေးမယ်​​ပြောထားတာကို ခုထိပြန်​မ​လျှောက်​ကြဘူး”ဟု ၎င်းက ပြောကြားသည်​။ 

R-15