News

POST TYPE

LATEST NEWS POST

စင်ကာပူကုမ္ပဏီနှစ်ခု မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်းများသွင်းသည်ဟု ပေါက်ကြားလာသော ကုလအစီရင်ခံစာမူကြမ်းတွင် ဖော်ပြ
14-Mar-2018

နယူးယောက်၊ မတ် ၁၃

စင်ကာပူကုမ္ပဏီနှစ်ခုသည် မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်းများတင်ပို့နေပြီး ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်လျက်ရှိကြောင်း ပေါက်ကြားလာသည့် ကုလသမဂ္ဂ အစီရင်ခံစာမူကြမ်းတွင် ဖော်ပြထားသည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

ယင်းအပြီးသတ် အစီရင်ခံစာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ တင်သွင်းထားခြင်းဖြစ်ပြီး ယခုအပတ်နှောင်းပိုင်းတွင် တရားဝင် ထုတ်ပြန်ဖွယ်ရှိသည့် အစီရင်ခံစာ ဖြစ်သည်။

စင်ကာပူအစိုးရက ယင်းကိစ္စများကို သတိပြုမိကြောင်းနှင့် ကျူးလွန်သည်ဆိုသော ပြစ်မှုများအတွက် ခိုင်လုံသောသတင်းအချက်အလက်ရရှိရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂအနေနှင့်ရော၊ စင်ကာပူအနေနှင့်ပါ မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်းများ တင်ပို့ခြင်းကို ပိတ်ပင်ထားသည်။

ပြီးခဲ့သည့်နှစ်နှစ်အတွင်း မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သောကြောင့် ကမ္ဘာ့နိုင်ငံများ၏ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ ပိုမိုတင်းကျပ်လာခဲ့သည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့၏ ထိပ်သီးဆွေးနွေးပွဲကျင်းပရန် အံ့အားသင့်ဖွယ်ရာ သဘောတူညီချက် ရရှိခဲ့သော်လည်း ကုလသမဂ္ဂ၏ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်ရှိနေမည်ဖြစ်သည်။

ပေါက်ကြားလာသော ကုလသမဂ္ဂ အစီရင်ခံစာတွင် စင်ကာပူအခြေစိုက်ကုမ္ပဏီနှစ်ခုကို အဓိကထား ဖော်ပြထားပြီး အာရှတိုက်အတွင်းမှ အခြားကုမ္ပဏီများလည်း ပါဝင်သည်။ 

အဆိုပါကုမ္ပဏီနှစ်ခုသည် ဝိုင်နှင့် အရက်မျိုးစုံအပါအဝင် ဇိမ်ခံပစ္စည်းအမျိုးမျိုးကို ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ မြောက်ကိုရီးယားသို့ တင်ပို့ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုအရ ၂၀၀၆ ခုနှစ်မှစပြီး မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်းများတင်ပို့ခြင်းသည် တရားမဝင်သည့် ကိစ္စဖြစ်လာခဲ့သည်။ စင်ကာပူဥပဒေအရလည်း မြောက်ကိုရီးယားသို့ ဇိမ်ခံပစ္စည်း တင်ပို့ခွင့်ပိတ်ထားသည်မှာ နှစ်များစွာ ကြာမြင့်ပြီဖြစ်သည်။

F-03