News

POST TYPE

LATEST NEWS POST

မြောက်ဦးအရေး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စုံစမ်းလေ့လာရေးအဖွဲ့အဖြစ် အမည်ပြောင်း
14-Mar-2018



စစ်တွေ၊ မတ် ၁၃ 

မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်ပြည်နယ်လွှတ်တော်က အတည်ပြုဖွဲ့စည်းလိုက်သော မြောက်ဦးအရေး စုံစမ်းစစ်ဆေးရေးဖွဲ့ အမည်ကို စုံစမ်းလေ့လာရေးအဖွဲ့ အမည်အဖြစ် မတ်လ ၁၃ ရက်က ကျင်းပသော ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ပြောင်းလဲလိုက်သည်။

အဆိုပါ အဖွဲ့၏ ကနဦးအမည်ဖြင့် ဆောင်ရွက်ရန်မှာ အခက်အခဲရှိနေသဖြင့် ယခုကဲ့သို့ အမည်ပြောင်းလဲလိုက်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ဆိုသည်။

“စစ်ဆေးရေးဆိုတာ ကျွန်တော်တို့ လုပ်ပိုင်ခွင့်မဟုတ် အစိုးရရဲ့လုပ်ပိုင်ခွင့် အဲဒီတော့ အစိုးရရဲ့လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်သလို ဖြစ်နေတယ်။ အဲဒါကြောင့် ဥပဒေတွေနဲ့အညီ ပြောင်းလဲတာဖြစ်တယ်”ဟု ယင်းအဖွဲ့၏ အတွင်းရေးမှူး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။

ဇန်နဝါရီ ၂၉ ရက်က ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး၌ မြောက်ဦးမြို့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ အမည်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးနှင့် လွှတ်တော်ဥပဒေရေးရာ အကြံပေးအဖွဲ့မှ ၂ ဦး စုစုပေါင်း ၉ ဦးဖြင့် အတည်ပြုဖွဲ့စည်းခဲ့သည်။

ယင်းသို့ မြေပြင်သို့သွားရောက်ပြီး စုံစမ်းလေ့လာသည်များကို စ၍ ဆောင်ရွက်သောနေ့မှ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်သို့ အစီရင်ခံစာ တင်ပြရမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ကော်မတီအနေနှင့် မေးမြန်းမည့်သူများကို စာရင်းပြုစုခြင်း၊ အချက်အလက်များ ရှာဖွေခြင်းများကို လုပ်ဆောင်ထားပြီး မြေပြင်သို့ သွားရောက်စစ်ဆေးမှုကို ယခုလွှတ်တော်အပြီးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြောက်ဦး စုံစမ်းစစ်ဆေးရေးကော်မတီထံမှ သိရသည်။

မြောက်ဦးမြို့တွင် ဇန်နဝါရီ ၁၆ ရက်က ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ်အဖြစ် နန်းတော်ရာကုန်းပေါ်တွင် စာပေဟောပြောပွဲပြုလုပ်မှုကို အာဏာပိုင်များက ပိတ်လိုက်သဖြင့် ပြည်သူများ ဆူပူအုံကြွကာ ဆန္ဒပြကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ဖျက်ဆီးခဲ့သဖြင့် ရဲတပ်ဖွဲ့က သေနတ်ပစ်ကာ လူစုခွဲခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည်။ 

အဆိုပါ လူစုခွဲမှုကြောင့် ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအနက် ရှစ်ဦးကို အများပြည်သူပိုင် ပစ္စည်းကာကွယ်ရေး ဥပဒေ ၆ (၁) ဖြင့် တရားစွဲဆိုနေပြီး စစ်တွေမြို့ရှိ အကျဉ်းထောင်တွင် ဖမ်းဆီးထားသည်။ 

R-22

  • VIA