News

POST TYPE

LATEST NEWS POST

Yoma နှင့် Grab တို့ပူးပေါင်းပြီး ယာဉ်မောင်းများကို ကားငှားရမ်းမည်
13-Mar-2018 tagged as Grab Yoma

ရန်ကုန်၊ မတ် ၁၃

စင်ကာပူစတော့အိတ်ချိန်းတွင် စာရင်းဝင်သည့် ပြည်တွင်းကုမ္ပဏီ Yoma Strategic Holdings Ltd. နှင့် အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်လျက်ရှိသော Grab တို့ပူးပေါင်းပြီး Grab ၏ မိတ်ဖက်ယာဉ်မောင်းများကို မော်တော်ယာဉ်များ ငှားရမ်းပေးမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။

အဆိုပါ အစီအစဉ်အတွက် Yoma Strategic Holdings Ltd. နှင့် Grab တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များတွင် Grab ၏ မိတ်ဖက်ယာဉ်မောင်းများအတွက် မော်တော်ယာဉ် ငှားရမ်းခြင်း၊ မော်တော်ယာဉ် ငှားရမ်းနိုင်ရန်အတွက် ငွေကြေး ထောက်ပံ့ကူညီခြင်း အပါအဝင် မြန်မာနိုင်ငံ အငှားယာဉ်များ အဆင့်မြှင့်တင်ရန် အဓိက လုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းပူးပေါင်းဆောင်ရွက်မှုကြောင့် Yoma Strategic Holdings Ltd. ၏ လက်အောက်ခံ မော်တော်ယာဉ် အငှားဝန်ဆောင်မှု လုပ်ကိုင်နေသည့် Yoma Fleet က Grab မိတ်ဖက်ယာဉ်မောင်းများကို အရည်အသွေး ကောင်းမွန်သည့် မော်တော်ယာဉ်များ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း Yoma Strategic ကုမ္ပဏီထံမှ သိရသည်။

“ဒီလိုမော်တော်ယာဉ်တွေ ငှားရမ်းပေးခြင်းကြောင့် အငှားယာဉ်များရဲ့ အဆင့်အတန်း ကောင်းမွန်တိုးတက်လာမှာ ဖြစ်သလို ခရီးသည်တွေအတွက်လည်း လုံခြုံမှုနဲ့ သက်သောင့်သက်သာ ပိုရှိစေမှာပါ”ဟု Yoma Strategic ၏ အမှုဆောင် အရာရှိချုပ် Mr. Melvyn Pun က ပြောကြားကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Yoma Strategic နှင့် ပူးပေါင်းခြင်းကြောင့် Grab Taxi မိတ်ဖက်ယာဉ်မောင်းများ အရည်အသွေး ပိုမိုကောင်းမွန်သော အငှားယာဉ်များကို မကြာမီအချိန်တွင် အသုံးပြု မောင်းနှင်နိုင်မည်ဖြစ် ပြီး Grab Taxi Plus နှင့် Grab for Business ဝန်ဆောင်မှုများမှာ ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း Grab ထံမှ သိရသည်။

“ဒီကိစ္စကို ကျွန်တော်တို့ယာဉ်မောင်းတွေ မသိရသေးဘူး။ Grab က လုပ်ပေးတဲ့အရာတိုင်းက သူတို့ဘက်ကို တစ်ခုခု ပြန်လုပ်ပေးရတယ်။ လုပ်ပေးရတဲ့အပိုင်းတွေကလည်း ယာဉ်မောင်းတွေကို တော်တော် ဝန်ထုပ်ဝန်ပိုးဖြစ်စေတယ်”ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သည့် Grab အငှားယာဉ်မောင်းတစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် Grab က ခရီးသည်များကို ကောက်ခံသည့်နှုန်းထား နည်းပါးခြင်းကြောင့် ယာဉ်မောင်းများအတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး အချို့ယာဉ်မောင်းများသည် Grab ချိတ်ဆက်မှုများ ရပ်နားထားကာ ပုံမှန်အတိုင်း ခရီးသည် ရှာဖွေလျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

J-01