News

POST TYPE

LATEST NEWS POST

မြောက်ကိုရီးယား မစ်ရှင်အတွက် သမ္မတထရမ့်က နိုင်ငံခြားရေးဝန်ကြီးကို ရာထူးမှဖယ်ရှားပြီး စီအိုင်အေညွှန်မှူးကို အစားထိုးခန့်
13-Mar-2018

ဝါရှင်တန်၊ မတ် ၁၃

အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်ကို ရာထူးမှဖယ်ရှားကာ ၎င်း၏နေရာတွင် စီအိုင်အေ(CIA) ညွှန်ကြားရေးမှူး မိုက်ပွန်ပီအိုကို အစားထိုးခန့်အပ်လိုက်ကြောင်း New York Times သတင်းစာက ရေးသားဖော်ပြသည်။ 

သမ္မတထရမ့်က ၎င်း၏ Twitter စာမျက်နှာတွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် မစ္စတာရက်စ်တိုင်လာဆန်ကို ကျေးဇူးတင်ကြောင်း ပြောကြားသလို ၎င်းနေရာတွင် အစားထိုး ဝင်ရောက်မည့် စီအိုင်အေညွှန်ကြားရေးမှူး မိုက်ပွန်ပီအိုသည် နိုင်ငံခြားရေးဝန်ကြီးသစ်အနေနှင့် အလွန်ကောင်းမွန်သည့် အလုပ်တစ်ခုကို လုပ်ဆောင်သွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားသည်။ 

ထို့အတူ သမ္မတထရမ့်သည် မစ္စဂျီနာဟတ်စပဲလ်ဆိုသူကို စီအိုင်အေ ထောက်လှမ်းရေးအဖွဲ့၏ ပထမဆုံး အမျိုးသမီးညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ရန် အမည်စာရင်းပေး ဖော်ပြ လိုက်သည်။ 

ထိုသို့ နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်ကို ရာထူးမှဖယ်ရှားပြီး စီအိုင်အေ ညွှန်ကြားရေးမှူး မိုက်ပွန်ပီအိုနှင့် အစားထိုးရခြင်းမှာ မြောက်ကိုရီးယားနိုင်ငံနှင့် ပြုလုပ်ရမည့် စေ့စပ်ညှိနှိုင်းမှုများအတွက် ပြင်ဆင်မှုတစ်ရပ်ဖြစ်ကြောင်း အိမ်ဖြူတော်မှ အရာရှိကြီးများကဆိုသည်။ 

“အဲဒီမြောက်ကိုရီးယားနိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ မပြုလုပ်ခင်မှာ သမ္မတထရမ့်က သူ့ရဲ့သံတမန်ရေးအဖွဲ့ကို အသစ်ဖြစ်အောင် လုပ်ထားချင်တာဖြစ်ပါတယ်”ဟု အိမ်ဖြူတော်မှ စီနီယာအရာရှိကြီးတစ်ဦးက BBC သို့ ပြောကြားသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က အာဖရိကသို့ သံတမန်ခရီးစဉ်ဖြင့် ရောက်ရှိနေခဲ့သူ မစ္စတာရက်စ်တိုင်လာဆန်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဟု ဆိုလိုက်သော ထရမ့်၏ ကြေညာချက်နှင့် ပတ်သက်၍ ကောင်းစွာ သိရှိခဲ့ခြင်းမရှိပေ။ 

သမ္မတဒေါ်နယ်ထရမ့်သည် လာမည့် မေလထဲတွင် မြောက်ကိုရီးယားနိုင်ငံ ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် လျာထားကြောင်း သတင်းမီဒီယာများက ဖော်ပြသည်။ ကင်ဂျုံအန်း၏ ကွန်မြူနစ် အစိုးရကမူ အဆိုပါကိစ္စနှင့်ပတ်သက်၍ တရားဝင် တုံ့ပြန်မှု တစ်စုံတစ်ရာ မပြုလုပ်သေးပေ။

F-01