News

POST TYPE

LATEST NEWS POST

ကင်ဂျုံအန်းနှင့်တွေ့ဆုံမည့် ထရမ့်ဆုံးဖြတ်ချက်ကို စီအိုင်အေညွှန်မှူး ကာကွယ်ပြောကြား
ဝါရှင်တန်၊ မတ် ၁၂

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်ချက်ကို CIA ညွှန်ကြားရေးမှူး မိုက်ပွမ်ပေယိုက ခုခံကာကွယ်သွားခဲ့ပြီး သမ္မတသည် အရဲစွန့်ရမှုကိုနားလည်ထားသည်ဟု ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ထရမ့်သည် “ပြဇာတ်က ရန်လုပ်နေခြင်းမဟုတ်ဘဲ၊ ပြဿနာကိုဖြေရှင်းရန် ကြိုးပမ်းခြင်းဖြစ်သည်”ဟု ပွမ်ပေယိုက Fox News ရုပ်သံသို့ ပြောကြားခဲ့သည်။

ကျင်းပရန်စီစဉ်နေသည့် ထိပ်သီးဆွေးနွေးပွဲသည် ကမ္ဘာ့အကြီးကျယ်ဆုံးသဘောတူညီချက်ကို ဆောင်ကြဉ်းလာနိုင်မည်ဟု ထရမ့်က ညွှန်းထားသည်။

သို့သော်လည်း ဆွေးနွေးပွဲသာ အဆင်မပြေဖြစ်ပါက နှစ်နိုင်ငံစလုံးသည် မူလထက်ဆိုးသော ဆက်ဆံရေးအခြေအနေမျိုး ရောက်သွားနိုင်သည်ဟု ဝေဖန်သူများက သတိပေးထားကြသည်။

မည်သည့်အမေရိကန်သမ္မတကမျှ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း မြောက်ကိုရီးယားခေါင်းဆောင်တစ်ဦးနှင့် မတွေ့ဆုံခဲ့ဖူးပေ။

မြောက်ကိုရီးယားက ယခင်ကတည်းက လိုလားခဲ့သော အဆိုပါတွေ့ဆုံမှုမျိုးမှာ ယခင်ကဆိုလျှင် မြောက်ကိုရီးယားဘက်က ကတိပြုဝန်ခံချက်များရှိမှသာ ဖြစ်လာနိုင်သည့်ကိစ္စမျိုးဖြစ်သည်။

သို့သော်လည်း ထရမ့်ကမူ ကင်ဂျုံအန်း၏ ဖိတ်ကြားချက်ကို ကြားခံ တောင်ကိုရီးယားကိုယ်စားလှယ်များထံမှ သိရှိရသည်နှင့် မဆိုင်းမတွ လက်ခံခဲ့ခြင်းဖြစ်ပြီး အမေရိကန်အစိုးရအဖွဲ့ဝင်များကိုယ်တိုင် အံ့အားသင့်ခဲ့ရသည်။ 

ပွဲဖြစ်မြောက်ရေး ကြားခံတင်ပြပေးခဲ့သော တောင်ကိုရီးယားကိုယ်စားလှယ် အဖွဲ့မှနှစ်ဦးသည် ယခုအခါ တရုတ်နှင့် ဂျပန်သို့ ထွက်ခွာသွားခဲ့ပြီး ဆွေးနွေးပွဲနှင့်ပတ်သက်သော အခြေအနေများကို သက်ဆိုင်ရာခေါင်းဆောင်များကို အသိပေးမည်ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်သော တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ချွန်အီယောင်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည်ဖြစ်သည်။

ကိုယ်စားလှယ်အဖွဲ့မှ အခြားတစ်ဦးဖြစ်သော တောင်ကိုရီးယား ထောက်လှမ်းရေးအကြီးအကဲ ဆူဟွန်းသည် တိုကျိုသို့ ထွက်ခွာသွားပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံမည်ဖြစ်သည်။

F-03