News

POST TYPE

LATEST NEWS POST

မိုင်းရှူးမြို့တွင် မိုးသီးကြွေ
13-Mar-2018


ကျိုင်းတုံ၊ မတ် ၁၂ 

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းရှူးမြို့တွင် မတ်လ ၁၁ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အချိန်အခါမဟုတ် မိုးများရွာသွန်းကာ မိုးသီးများကြွေကျခဲ့ကြောင်း ယင်းမြို့ဒေသခံများထံမှ သိရသည်။

“မိုးရွာပြီး လေပြင်းတိုက်ချိန်မှာ မိုးသီးတွေကြွေကျတာ ကျောင်းဝိုင်းထဲအပြည့်ပဲ၊ ဟိုးအရင် နှစ်အတော်ကြာကြာက အခုလိုမိုးသီးတွေ တစ်ခါကျဖူးတယ်လို့ သိရပေမယ့် ကျွန်မတာဝန်ထမ်းဆောင်တဲ့ ၇ နှစ်ကျော်မှာတော့ ဒါ ပထမဆုံးကြုံဖူးတာပါ”ဟု မိုင်းရှုးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမတစ်ဦးက ပြောကြားသည်။

မိုင်းရှူးမြို့တွင် မတ်လ ၁၁ ရက်က မိုးသက်လေပြင်းတိုက်ခတ်၍ မိုးသီးများကြွေကျသည်ဟု သိရှိရသော်လည်း ပျက်စီးဆုံးရှုံးမှုကို လတ်တလော မသိရသေးကြောင်း၊ အလားတူ မတ်လ ၁၀ ရက်က ကွန်ဟိန်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျမှုကြောင့် ပျက်စီးသွားသည့် အိမ် ၁၀၀ ခန့်ကို ကူညီထောက်ပံ့ပေးနေကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ဆိုသည်။

ရှမ်းပြည်နယ်ရှိ ကွန်ဟိန်းမြို့နယ်တွင် မတ်လ ၁၀ ရက် ညနေပိုင်းက အချိန်အခါမဟုတ် မိုးများရွာသွန်းကာ လေပြင်းများတိုက်ခတ်ပြီး မိုးသီးများကြွေကျမှုများကြောင့် လူနေအိမ် ၉၃ လုံး၊ ဘုန်းတော်ကြီးကျောင်း ၄ ခုနှင့် စာသင်ကျောင်းတစ်ခုတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရထံမှ သိရသည်။

R-16