News

POST TYPE

LATEST NEWS POST

ရခိုင်မြောက်ပိုင်းပြဿနာ ဘယ်လို အဖြေရှာမလဲ
06-Mar-2018

ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ရာတွင် မြေပြင် အခြေအနေများကို မျက်မြင်ကိုယ်တွေ့ သိရှိခဲ့ရပြီး ထိုက်သင့်သည့် သတင်းအချက်အလက် များကိုလည်း ရရှိခဲ့ပါ သည်။ ပြီးပြည့်စုံသည့် သတင်းအချက်အလက်ရရှိမှု မဟုတ်သော်လည်း ထိုဒေသတွင် ဘာတွေဖြစ်ခဲ့သည်၊ ဒေသ၏ ပထဝီ အနေအထား၊ သဘာဝ ပတ်ဝန်းကျင်တို့ကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့သည်။ ထိုကာလမှာ ဩဂုတ် လ ၂၅ ရက်၊ အကြမ်းဖက် တိုက်ခိုက်မှု စတင်ဖြစ်ပွားပြီး ငါးလအကြာတွင်ဖြစ်ရာ အခြေအနေ ပြန်လည်ငြိမ်သက်စပြုနေသည့် ကာလဟုလည်း ဆိုနိုင်သည်။ ဘင်္ဂါလီခြောက်သိန်းကျော် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားခဲ့သည် ဆိုသောသတင်းမှာ ထိုဒေသသို့မရောက်မီ ယုံကြည်ဖို့ ခက်ခဲခဲ့သော်လည်း အမှန်တကယ် ရောက်သွားသောအခါတွင်မူ ထိုအရေအတွက် မှန်နိုင်ကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ ကျေးရွာ အမြောက်အမြား မီးလောင်ကျွမ်းထားခြင်း၊ အိမ်ရာ အဆောက်အအုံ တစ်ခုမျှမရှိတော့ခြင်းများက မျက်မြင်သက်သေ ဖြစ်သည်။ မောင်တောခရိုင် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ဘင်္ဂါလီ မွတ်ဆလင်များဖြစ်ပြီး ကျေးရွာ အများအပြားမှာ မွတ်ဆလင်ရွာများဖြစ်သည်။ ကျွန်တော်တို့ရောက်ရှိစဉ် ရွာများကို မတွေ့ရတော့သလို လူများကိုလည်း မတွေ့ရသလောက်ဖြစ်သွားသည်။ မောင်တောမြို့ပေါ်နှင့် အနီးဝန်းကျင်တွင် မွတ်ဆလင်ရွာ အနည်းငယ် ကျန်နေပြီး မွတ်ဆလင်အချို့ကို မြင်တွေ့ခဲ့ရသည်။ ရွာအများစုမှာ ရွာရှိခဲ့ မှန်းမသိရလောက်အောင် ပြောင်ရှင်းနေသည်။ အလယ်သံကျော်ရွာကြီးဆိုလျှင် ရွာပျက်ကြီးတစ်ခုလို ဖြစ်ကျန်ခဲ့သည်။ ထိုရွာအနီး စွန့်ပစ်ထားသည့် လှေကြီးများက သက်သေဖြစ်သည်။ ထိုသို့ဆိုလျှင် ဘင်္ဂါလီတွေ ကုန်သလောက်နီးနီး မောင်တောခရိုင်မှ တစ်ဖက်နိုင်ငံသို့ ရောက်သွားပြီဟု ဆိုနိုင်သည်။

ထိုဒေသတွင် ဖြစ်ခဲ့သည့် အခြေအနေများကို ဒေသခံအချို့အား မေးမြန်းခဲ့ရာတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ မွတ်ဆလင်အချို့ကိုသာ မေးမြန်းခွင့်ရခဲ့သည်။ ကျန်နေရစ်ခဲ့သော ဘင်္ဂါလီ မွတ်ဆလင်အချို့၏ ပြောကြားချက်ကို နားထောင်ကြည့်သောအခါ ထိုပဋိပက္ခ ပေါ်ပေါက်လာခြင်းကို မနှစ်မြို့ကြ။ သူတို့ဘာသာသူတို့ အေးအေးဆေးဆေး နေလိုသော်လည်း အာဆာအဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ပြဿနာ ကြီးထွားရသည်ဟု သုံးသပ်သည်။ စစ်တပ်က ရှင်းလင်းရေး ပြုလုပ်စဉ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မီးရှို့မှု၊ မုဒိမ်းကျင့်မှု ပြုလုပ်ခဲ့သလားဟု မေးမြန်းသောအခါ သူတို့မသိကြောင်း ဖြေသည်။ ရခိုင်တိုင်းရင်းသားများကို မေးမြန်းကြည့်ရာတွင် အာဆာနှင့်အတူ ဘင်္ဂါလီရွာသားများက ဒေသခံတိုင်းရင်းသားများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်သလို သတ်ဖြတ်မှုတွေ၊ ရဲစခန်းများအား လူအုပ်ဖြင့်ဝင်စီးရန် ကြိုးပမ်းမှုတွေ၊ ကျေးရွာများအား သူတို့ကိုယ်တိုင် မီးတင်ရှို့မှုတွေ ရှိခဲ့သည်ဟု ကြားရသည်။ ဖြစ်စဉ်တစ်ခုတွင် ဘယ်နေ့၊ ဘယ်အချိန်မှာ အာဆာအဖွဲ့က အလုံးအရင်းဖြင့် ဝင်တိုက်ဖို့ စီစဉ်နေသည်ကို ကြိုတင် သတင်းရရှိမှုပင် ရှိခဲ့သည်။ အာဆာအဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလက တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် ဩဂုတ်လက တစ်ကြိမ် ရဲစခန်းများကို တစ်ပြိုင်နက်တည်း ဝင်ရောက်စီးနင်းမှုရှိခဲ့သည်။ ၂၀၁၆ တိုက်ခိုက်မှုအပြီး အခြေအနေမှာ ပြီးခဲ့သည့် ၂၀၁၇ ဩဂုတ်လ တိုက်ခိုက်မှုလောက် မဆိုးရွားခဲ့။ ၂၀၁၇ ဩဂုတ်လ ၂၄ ရက် တိုက်ခိုက်မှုကို အစိုးရတပ်က အလုံးအရင်းဖြင့် အလျင်အမြန် လက်တုံ့ပြန်ခဲ့ရာတွင် ဘင်္ဂါလီ မွတ်ဆလင်များ ရွာလုံးကျွတ် ထွက်ပြေးရသည့် အနေအထား ရောက်ခဲ့သည်။ အစိုးရတပ်များ၏ တုံ့ပြန်မှု မည်မျှပြင်းထန်သည်၊ စစ်ဆင်ရေး မည်သို့ပြုလုပ်ခဲ့သည်ကို မျက်မြင်မဟုတ်၍ မသိနိုင်သော်လည်း ဒေသခံတိုင်းရင်းသား အချို့၏ ပြောကြားချက်အရ စစ်ဆင်ရေးကာလအတွင်း သေဆုံးမှုတွေ၊ သတ်ဖြတ်မှုတွေ ရှိခဲ့ကြောင်း သိရသည်။ ထိုဖြစ်ရပ်များအပေါ် ပြန်လည် ဖော်ပြခဲ့ကြရာ၌ နိုင်ငံတကာမီဒီယာများသည် ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းသို့ ရရာအထုပ်အပိုးကိုယ်စီဖြင့် ထွက်ပြေးလာကြသော အမျိုးသမီးကြီးများ၊ သက်ကြီးရွယ်အိုများ၊ အရွယ်မရောက်သေးသော ကလေးသူငယ်များထံမှ ရရှိသော ထိတ်လန့်တုန်လှုပ်ဖွယ် သတင်းစကားများကို အခြေခံကာ မြန်မာစစ်တပ်အား လူမျိုးတုံးသတ်ဖြတ်မှု Genocide ၊ လူမျိုးစု သန့်စင်မှု Ethnic Cleansing များ ပြုလုပ်သည်ဟု စွပ်စွဲရေးသားဖော်ပြကြသည်။ မျက်မြင် အထောက်အထားအားဖြင့် ထောင်ပေါင်းများစွာသော ထွက်ပြေးလာသည့် ဘင်္ဂါလီ မွတ်ဆလင်ဒုက္ခသည်များ၊ မီးခိုးငွေ့များ အူထွက်နေသည့် ရွာပေါင်းများစွာ၏ ဂြိုဟ်တုသတင်းဓာတ်ပုံများကို သတင်းမီဒီယာများတွင် ဖော်ပြသည်။ ခန့်မှန်းခြေ စုစုပေါင်း ၆၈၀,၀၀၀ ခန့်ရှိ ဘင်္ဂါလီဒုက္ခသည်များ တစ်ဖက်နိုင်ငံထဲသို့ တစ်လ၊ နှစ်လအတွင်း အလုံးအရင်းဖြင့် နယ်စပ်ဖြတ်ကျော် ရောက်ရှိလာခြင်းကို Exodus (အလုံးအရင်းဖြင့် ထွက်ခွာခြင်း) အဖြစ် မီဒီယာများက သုံးနှုန်းဖော်ပြကြသည်။ မောင်းထုတ်သည် Drive Out ဟု ရေးသားကြသည်။ အစိုးရတစ်ရပ်၏ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့ခြင်း၊ ခွဲခြားနှိမ့်ချဆက်ဆံခြင်း Discrimination လူ့အခွင့်အရေးချိုးဖောက်ခြင်း Human Rights Abuse အဖြစ် သရုပ်ဖော်ကြသည်။ လူ့အခွင့်အရေးကို စံတစ်ခုအဖြစ် တန်ဖိုးထားသော နိုင်ငံတကာ အဖွဲ့အစည်းများ၏ စာနာမှု Sympathy ဖြစ်စေပြီး ရခိုင်မြောက်ပိုင်းပဋိပက္ခသည် ကမ္ဘာ့ဇာတ်ခုံပေါ် ရောက်ရှိသွားခဲ့သည်။ ဖြစ်ရပ်အမှန်ကို တပ်အပ်သေချာ မသိနိုင်သော်လည်း နောက်ပိုင်း ထွက်ပေါ်ခဲ့သော သက်သေ အထောက်အထားအချို့ကို အစွဲပြု၍ မြန်မာအစိုးရနှင့် စစ်တပ်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမှန်တကယ် ကျူးလွန်ခဲ့သည်ဟု စွပ်စွဲပြောဆိုမှုတွေ ရှိလာခဲ့သည်။

လက်ရှိအခြေအနေမှာ ထိုအကျိုးဆက်ကို ခံစားနေရသည်။ မြန်မာအစိုးရအား ပြစ်တင်ခြင်း၊ ဝေဖန်ရှုတ်ချခြင်း၊ ပိတ်ဆို့အရေးယူခြင်းနှင့် ယခုနောက်ဆုံး အရေးယူခြင်းအထိ နိုင်ငံတကာ စာမျက်နှာမှာ ကျယ်ပြန့်လာသည်။ ငါးခူရကျေးရွာတွင် ဒေသခံတစ်ဦးနှင့် စကားစမြည် ပြောကြည့်ရာ “သူတို့ ဒီအတိုင်းဆို ပြန်လာမှာ မဟုတ်ဘူး”ဟုဆိုသည်။ “အဲဒီတော့ သူတို့ ဘယ်လိုပြန်လာမလဲ” မေးကြည့်တော့ “အာရ်တူးပီ R2P ကိုစောင့်နေတာ” ဟု ဖြေတာကြားခဲ့ရသည်။ R2P က နိုင်ငံတစ်ခုအတွက် အလွန် အန္တရာယ်ကြီးသော ပဋိပက္ခ ဖြေရှင်းနည်းတစ်ခုဖြစ်သည်။ ထိုစကားကြားတော့ ကိုယ်တိုင် အနည်းငယ် တုန်လှုပ်သွားသည်။

“နိုင်ငံတစ်နိုင်ငံသည် မိမိ၏ အချုပ်အခြာ နယ်မြေအတွင်း နေထိုင်သော လူအများကို လူမျိုးတုံး သတ်ဖြတ်ခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း၊ လူမျိုးစုသန့်စင်ခြင်း၊ လူသားများအပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းတို့မှ ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်။ ထိုသို့ကာကွယ်စောင့်ရှောက် ရမည့်အစား မိမိနိုင်ငံသားများအား ဖော်ပြပါ အချက်များအရ ကျူးလွန်မှုပြုခဲ့လျှင် ကုလသမဂ္ဂက နိုင်ငံတကာ ဥပဒေနှင့်အညီ အရေးယူရန်တာဝန် ရှိသည်ဟု ကုလသမဂ္ဂ၏ Responsibility to Protect ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။” ထိုဆုံးဖြတ်ချက်ကို ၂၀၀၅ ခုနှစ်က ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ ထိပ်သီးညီလာခံတွင် အတည်ပြုခဲ့သည်။ သို့သော် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သဘောတူညီချက်အရသာ ထိုဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည်။

နိုင်ငံတကာ အရေးအခင်းများတွင် ကုလသမဂ္ဂက R to P ဟု ဆုံးဖြတ်ချက် ချမှတ်ပေးခဲ့သည့် ဖြစ်စဉ် အနည်းငယ်သာရှိခဲ့ရာ ထင်ရှားသော ဖြစ်ရပ်တစ်ခုမှာ လစ်ဗျား အရေးအခင်းဖြစ်သည်။ ၂၀၁၁ မှ ၂၀၁၃ ခုနှစ်အတွင်း အိုင်ဗရီကို့စ်၊ ယီမင်၊ မာလီ၊ ဆူဒန်နှင့် တောင်ဆူဒန် ပဋိပက္ခများတွင်လည်း ဆုံးဖြတ်ချက် ချခဲ့သည်။

သို့သော် ဖော်ပြပါ အခြေအနေများနှင့် လက်ရှိ ရခိုင်မြောက်ပိုင်းဖြစ်စဉ်များက တူညီမှု လုံးဝ မရှိသလို ဖြစ်ပေါ်နေသော အခြေအနေအရရော၊ ပထဝီနိုင်ငံရေးအရပါ R to P အဆင့်ထိရောက်ရန် အခြေအနေ မရှိပါ။ အာဆာ အကြမ်းဖက်အဖွဲ့နှင့် ဘင်္ဂါလီဒုက္ခသည်များ စိတ်ကူးယဉ် မျှော်လင့်နေသည်မှာ နိုင်ငံတကာနှင့် ကုလသမဂ္ဂ လုံခြုံမှုထိန်းသိမ်းရေးတပ်၏ အကူအညီဖြင့် ရခိုင်မြောက်ပိုင်းဒေသကို ပြန်လည် ဝင်ရောက်ရေးဖြစ်သည်။ သို့သော် ထိုအခြေအနေ ဖြစ်လာရန် လုံးဝ မရှိနိုင်ပါ။

အစိုးရအနေနှင့် လက်ရှိ ရင်ဆိုင်နေရသည်မှာ တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းများသို့ ရောက်ရှိသွားသည့် သိန်းနှင့်ချီသော ဘင်္ဂါလီများ၏ ပြဿနာဖြစ်သည်။ အထောက်အထား ခိုင်မာပြီး အချက်အလက် ပြည့်စုံသူများကို ပြန်လည် လက်ခံပေးမည်ဟု တရားဝင် ကတိပြုထားပြီးလည်းဖြစ်သည်။ ဖြစ်ပေါ်နေသော အခြေအနေအရ ဘင်္ဂါလီတွေက သူတို့၏ လုံခြုံရေး၊ စားဝတ်နေရေး၊ မူလနေရာများတွင် စိတ်ချလုံခြုံစွာ ပြန်လည် နေထိုင်နိုင်ရေးအတွက် စိတ်ချလက်ချ မရှိသလို အစိုးရအပေါ်မှာလည်း သံသယရှိသည်။ အခြားတစ်ဖက်တွင်လည်း ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ဘင်္ဂါလီတွေ ပြန်လာလျှင် ယခင်လိုပဲ ခြိမ်းခြောက်မှု မလုံခြုံမှုတွေ ဆက်ပြီးခံစားနေရမည်။ သူတို့နှင့်အတူ အာဆာအဖွဲ့ဝင်တွေ စိမ့်ပြီးပြန်ပါလာလျှင် အန္တရာယ် ရှိသည်။ ဘင်္ဂါလီတွေကို မယုံ။ ယုံကြည်မှု ပျက်ယွင်းသွားပြီဖြစ်သော လူ့အဖွဲ့အစည်းနှစ်ခု တည်တည်ငြိမ်ငြိမ်နှင့် အတူတကွ ပြန်လည် နေထိုင်နိုင်ဖို့ ဒေသတွင်း တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရှိနေဖို့လိုသည်။ အစိုးရအနေနှင့် ဘင်္ဂါလီဒုက္ခသည် ပြဿနာကို မဖြေရှင်းဘဲ ဒီအတိုင်း ဆက်လက် တင်းခံနေမည်ဆိုလျှင်လည်း နိုင်ငံတကာ အသိုင်းအဝန်းက တစ်ချိန်လုံး လက်ညှိုးထိုး ပြစ်တင်ဝေဖန်နေကြဦးမည်။ ပိတ်ဆို့မှုတွေ၊ အရေးယူမှုတွေက နိုင်ငံကို ရှေ့မတိုးဘဲဖြစ်နေမည်။ နိုင်ငံတကာ သံခင်းတမန်ခင်း စစ်မျက်နှာမှာ ဖြေရှင်းစရာရှိတာကို ရဲရဲဝံ့ဝံ့ ဖြေရှင်းဖို့လိုသည်။ တွေ့ဆုံညှိနှိုင်း အဖြေရှာသင့်တာ ရှာဖို့လိုသည်။ တာဝန်ရှိ အဖွဲ့အစည်းတွေ၊ အစိုးရခေါင်းဆောင်တွေ ကိုယ်တိုင် လက်တွေ့ကျကျ ကွင်းဆင်းကြည့်ဖို့ လိုသည်။ ယနေ့ ကြုံနေရသော ရခိုင်မြောက်ပိုင်းပြဿနာက သိမ်မွေ့ပြီး ရှုပ်ထွေးလှသည်။ ပဋိပက္ခတစ်ခုကို ဖြေရှင်းရာတွင် တစ်စုံတစ်ခုအပေါ် အသေဆုပ်ကိုင် (Rigidly) ထားလျှင် အဖြေနှင့်မနီးစပ်နိုင်ပါ။

ချစ်ဝင်းမောင်