News

POST TYPE

LATEST NEWS POST

ရခိုင်တွင် လူထုတွေ့ဆုံပွဲများ ကျင်းပခွင့်မပေး
06-Mar-2018

စစ်တွေ၊ မတ် ၅

ရခိုင်ပြည်နယ်အတွင်း ခရိုင်ငါးခု၌ တတိယအကြိမ်မြောက်အဖြစ် ပြုလုပ်မည့် လူထုတွေ့ဆုံပွဲများကို ပြည်ထောင်စုအစိုးရက ကျင်းပခွင့်မပြုကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်စောမြရာဇာလင်းက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် စာတမ်းတင်ပြ ဆွေးနွေးနိုင်ရန်အတွက် လူထုတွေ့ဆုံပွဲများ ပြုလုပ်ကျင်းပရန် စီစဉ်ထားသော်လည်း ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုမရှိသည့် ကိစ္စရပ်များကိုအကြောင်းပြပြီး ကျင်းပခွင့် မပြုခြင်းဖြစ်ကြောင်း၊ ကျင်းပခွင့်ရရှိရန်အတွက်လည်း အစည်းအဝေးများတွင် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသားနိုင်ငံရေးအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ခွင့်မပေးသည့်အပြင် လူထုတွေ့ဆုံပွဲပြုလုပ်ခွင့်ကိုပါ ပိတ်ပင်ခြင်းသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်ဆိုင်းရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းတစ်ခု၏ လုပ်ပိုင်ခွင့်များကို လျစ်လျူရှုရာရောက်ကြောင်း ဒေါ်စောမြရာဇာလင်းက သုံးသပ်လိုက်သည်။

“တန်းတူအခွင့်အရေးရဖို့လိုတယ်။ ဒီဟာက ALP သတ်သတ်ချည်းမဟုတ် ရခိုင်တစ်မျိုးသားလုံးအနေနဲ့ စိတ်မကောင်းစရာဖြစ်တယ်။ ရခိုင်လူမျိုး တစ်မျိုးလုံးကို အခြားလူမျိုးတွေနဲ့ တန်းတူညီမျှမထားဆိုတဲ့ သက်သေတစ်ခုဖြစ်နေတယ်”ဟု ရခိုင်လွတ်မြောက်ရေး ပါတီ (ALP) ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်သူ ဒေါ်စောမြရာဇာလင်းက ပြောဆိုသည်။

အဆိုပါ လူထုတွေ့ဆုံပွဲများကို စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ သံတွဲနှင့် မောင်တောခရိုင်တို့အပြင် ဧရာဝတီ၊ ရန်ကုန်တိုင်းဒေသကြီးတို့၌ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်က ကျင်းပနိုင်ရန် မြို့နယ်အချို့၌ ကိုယ်စားလှယ်ရွေးချယ်ခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။

“အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို ချီတက်တဲ့အခါ ပြည်သူ့ဆန္ဒအများနဲ့အညီ အလုပ်လုပ်သွားရဖို့ဆိုတဲ့ အခြေခံကို ပြည့်စုံစွာ မဖော်ပြနိုင်ဖြစ်တယ်။ အဲဒါတွေအတွက် စိတ်မကောင်းဖြစ်ရတယ်”ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁-ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေးကို ဖေဖော်ဝါရီလအတွင်းကျင်းပရန် ရည်ရွယ်ထားကြသော်လည်း မွန်နှင့်ရှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီးမှသာ ပြုလုပ်သွားမည်ဟူ၍ ရွှေ့ဆိုင်းထားသည်။

R-22


  • VIA