News

POST TYPE

LATEST NEWS POST

မွန်ပြည်သစ်ပါတီနှင့် KNU ပစ်ခတ်မှု ထပ်ဖြစ်
04-Mar-2018

မော်လမြိုင်၊ မတ် ၎

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအရှေ့ဘက်ရှိ ဘုရားတောင်အနီးတွင် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်များအကြား မတ်လ ၄ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က ပစ်ခတ်မှု ထပ်မံဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

မတ်လ ၃ ရက်နေ့ ညနေပိုင်း အချိန်ခန့်က အလယ်စခန်းကျေးရွာမှ ခြံသမား ၂၇ ဦးကို အင်အား ၂၀ ဦးခန့်ရှိ KNU တပ်ဖွဲ့ဝင်တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့ဝင်တို့က ဝင်ရောက် နယ်မြေရှင်းလင်းခဲ့ရာမှ ပစ်ခတ်မှု ဖြစ်ပွားကြခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပစ်ခတ်မှုက ပြီးသွားပါပြီ၊ ဖမ်းခံရတဲ့ ဒေသခံတွေလည်း ပြန်လွှတ်ပေးလိုက်ပါပြီ၊ လူအသေအပျောက်တော့ မရှိဘူး၊ ဒဏ်ရာရတဲ့သူတွေလည်း မရှိပါဘူး”ဟု အထက်ပါ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် တာဝန်ရှိသူက ပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် အလယ်စခန်းရွာသားများ ဖမ်းဆီးခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး KNU ထားဝယ်ခရိုင် တာဝန်ရှိသူတို့ထံ ဖုန်းဖြင့် ဆယ်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

ဖေဖော်ဝါရီ ၂၄ ရက်ကလည်း သစ်ခိုး ထုတ်သည့်ကိစ္စကြောင့် မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များနှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့ဝင်များအကြား ရေးမြို့နယ် ခေါ်ဇာမြို့နယ်ခွဲရှိ မာန်အောင်ကျေးရွာအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက မွန်ပြည်သစ်ပါတီ ထိန်းချုပ် နယ်မြေဒေသဖြစ်သည့် မာန်အောင်ကျေးရွာအနီးတစ်ဝိုက်တွင် လူအင်အား ၅၀ ခန့်ရှိသည့် သစ်ခိုးထုတ်သည့်အဖွဲ့ တစ်ခုကို မွန်ပြည်သစ်ပါတီက ဖမ်းဆီးရမိခဲ့ပြီး KNU သို့ လွှဲပြောင်းပေးခဲ့သည်။

“ဒီမနက်ပစ်ကြတာက သစ်ကိစ္စကြောင့်လား ဘာလားတော့ တိတိကျကျ မသိသေးဘူး”ဟု မွန်ပြည်သစ်ပါတီ ဗဟို ကော်မတီဝင်တစ်ဦးဖြစ်သည့် နိုင်ကြည်စန်းက ပြောသည်။

မွန်ပြည်သစ်ပါတီအနေနှင့် ၎င်းတို့ ပါတီဗဟိုဌာနချုပ် တည်ရှိရာ ရေချောင်းဖျား ဒေသတစ်ဝိုက်ရှိ သစ်တောဧရိယာအတွင်းတွင် သစ်ထုတ်လုပ်မှုကို ၂၀၁၀ ခုနှစ်မှစကာ တားမြစ်ပိတ်ပင်ထားခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေ အငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာ ပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်အတွင်းတွင် တစ်ဖန် နယ်မြေအငြင်းပွားသည့်ကိစ္စ၊ သစ်ခိုးထုတ်သည့် ကိစ္စကြောင့် တနင်္သာရီ တိုင်းဒေသကြီး ရေဖြူမြို့နယ်ဘက်တွင် ပစ်ခတ်မှု ၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

မွန်ပြည်သစ်ပါတီသည် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို ဖေဖော်ဝါရီလ ၁၃ ရက်က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး KNUသည် NCA ကို ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ဖြစ်သည်။

Dawei Watch