News

POST TYPE

LATEST NEWS POST

ရခိုင်အရပ်ဘက်အဖွဲ့အစည်းများ လူထုရှင်းလင်းပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
25-Feb-2018

စစ်တွေ၊ ဖေဖော်ဝါရီ ၂၅ 

စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာဘုရားကြီးရင်ပြင်၌ ရခိုင်အရပ်ဘက် အဖွဲ့အစည်းများက ဖေဖော်ဝါရီလ ၂၅ ရက်တွင်ကျင်းပမည့် မြောက်ဦးအရေးဖြစ်စဉ်နှင့် မောင်တောတောင်ပိုင်းတွင် ဘင်္ဂါလီများ နေရာမချပေးရေးနှင့် ပတ်သက်၍ လူထုရှင်းလင်းပွဲကို လုံခြုံရေး စိုးရိမ်ရသဖြင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း မြို့နယ်ပေါင်းစုံ လူမှုအဖွဲ့အစည်း ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်က ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက် နံနက်အစောပိုင်းက စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ်၊ ပြည်နယ်တရား လွှတ်တော်ရုံးရှေ့နှင့် ပြည်နယ် မြေစာရင်း ဦးစီးဌာနရုံးရှေ့တို့တွင် မိနစ်ပိုင်းသာ ကြာသော လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ 

ယင်းအခြေအနေကြောင့် ယင်းနေ့ နံနက် ၉ နာရီက စစ်တွေမြို့ ကုန်တန်းရပ်ကွက်ရှိ ပုသိမ်ဘုန်းတော်ကြီးကျောင်းတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၆ ခုမှ လူမှုအဖွဲ့အစည်းများ အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးကြပြီး လုံခြုံရေး အခြေအနေကြောင့် လူထုရှင်းလင်းပွဲကို ရက်ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ 

“ဒီပွဲကိုဖျက်သိမ်းလိုက်တာ မဟုတ်ဘူး၊ ပြည်သူတွေရဲ့ လုံခြုံရေးကိုစိုးရိမ်လို့ နောက်ဆုတ်လိုက်တာ ဖြစ်တယ်”ဟု မြို့နယ်ပေါင်းစုံ လူမှုအဖွဲ့အစည်းကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးနိုင်ကပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်က အရပ်ဘက် လူမှုအဖွဲ့အစည်းများက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ကြောင်း၊ ကြေညာချက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည် ဝင်ရောက်မည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် တောင်ပိုင်းဒေသ၌ နေရာ မချထားရန်၊ မြောက်ဦးအရေးဖြစ်စဉ်တွင် မလိုအပ်ဘဲ လုံခြုံရေး အင်အား အလွန်အကျွံ သုံးစွဲခဲ့သည်ကို မြင်သာနေသည့်အတွက် တာဝန်ရှိသူများကို အရေးယူနိုင်ရန်၊ သီးခြားလွတ်လပ်သည့် ပုဂ္ဂိုလ်များဖြင့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးရေးအတွက် ပြည်ထောင်စုအစိုးရကို တောင်းဆိုကြောင်း ဖော်ပြထားသည်။

ယင်းနောက် မြောက်ဦးအရေးတွင် ကြီးလေးသော ပြစ်မှုများဖြင့် အရေးယူမှုအပေါ် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ရှေးရှု၍ ရုပ်သိမ်းကျေအေးပေးရန် ပြည်ထောင်စုအစိုးရကို တောင်းဆိုကြောင်း ဖော်ပြထားသည်။

တောင်းဆိုမှုများကို မြို့နယ်ပေါင်းစုံ လူမှုအဖွဲ့အစည်းများက စောင့်ကြည့်သွားမည်ဖြစ်ပြီး အစိုးရက အချိန်အတိုင်းအတာတစ်ခုအတွင်း မဆောင်ရွက်ပေးပါက ရခိုင်တစ်ပြည်နယ်လုံး ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြောင်း မြို့နယ်ပေါင်းစုံ လူမှုအဖွဲ့အစည်း ကော်မတီထံမှ သိရသည်။ 

R-22