News

POST TYPE

LATEST NEWS POST

လားရှိုး ရိုးမဘဏ်ဗုံးပေါက်ကွဲမှု စီစီတီဗီမှတ်တမ်းများ ပျက်စီး
25-Feb-2018


လားရှိုး၊ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေက ရိုးမဘဏ် ဗုံးဖောက်ခွဲခံရမှုတွင် စီစီတီဗီ၏ မှတ်တမ်းပုံရိပ်များမှာ တုန်ခါမှုအရှိန်ကြောင့် ဝေဝါးပျက်စီးခဲ့သည့်အတွက် ကျူးလွန်သူ၏ သက်သေ အထောက်အထားများ ရရှိရန်ခက်ခဲနေကြောင်း လားရှိုး မြို့ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူး စန်းယုက ပြောကြားသည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ရိုးမဘဏ် (၁) နှင့် အနီးရှိ ဧရာဝတီဘဏ်တို့မှ စီစီတီဗီမှတ်တမ်းများကို စစ်ဆေးရာတွင် ရိုးမဘဏ် (၁) ၏ စီစီတီဗီ မှတ်တမ်းများမှာ ပျက်စီးခဲ့၍ ကျွမ်းကျင်ပညာရှင်များဖြင့် စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း၊ ဧရာဝတီဘဏ်၏ စီစီတီဗီမှတ်တမ်းတွင် မသင်္ကာဖွယ်ရာ လှုပ်ရှားသွားလာသူကို စစ်ဆေးတွေ့ရသော်လည်း ပေါက်ကွဲမှုအရှိန်ကြောင့် ပုံရိပ်မှာဝေဝါးနေသည့်အတွက် စုံစမ်းဖော်ထုတ်ရန် အခက်အခဲရှိကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ လက်ရှိ လားရှိုးမြို့မရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ လေးခုဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ပေါက်ကွဲမှုကို ဖြစ်စေတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၆၊ လူ ၂ ဦး သေဆုံးခဲ့တဲ့အတွက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂၊ လူကိုသေစေရန် ကြံရွယ်လုပ်ဆောင်တာ ဖြစ်တဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၇ နဲ့ လူ ၂၂ ဦးကို ဒဏ်ရာရစေခဲ့တဲ့အတွက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၈ ဆိုပြီး ပုဒ်မလေးခုနဲ့ အမှုဖွင့် ဆောင်ရွက်ထားပါတယ်”ဟု လားရှိုး မြို့မ ရဲစခန်းမှူး ဒုရဲမှူးကျော်နိုင်က ပြောဆိုသည်။

ရိုးမဘဏ်နှင့် ဧရာဝတီဘဏ်ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သက်သေများကို ခေါ်ယူစစ်ဆေးနေကြောင်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးစစ်ဆေးခြင်း မရှိသေးကြောင်း၊ အဆိုပါအမှုနှင့်ပတ်သက်၍ နယ်မြေခံအမှတ် ၉၁၂ အင်ဂျင်နီယာတပ်ရင်း၊ မှုခင်းရဲတပ်ဖွဲ့၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ နယ်မြေခံ ရဲတပ်ဖွဲ့ စသည့် အဖွဲ့ပေါင်းစုံက ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် ရိုးမဘဏ်ဝန်ထမ်းအမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည့်အပြင် ရိုးမဘဏ်ဝန်ထမ်း ၁၉ ဦး၊ ဧရာဝတီဘဏ်မှ ဝန်ထမ်းတစ်ဦးနှင့် ဘဏ်အနီးလမ်းပေါ်တွင် သွားလာနေသူတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း၊ ထို့ပြင် ယင်းဘဏ်နှင့် မျက်နှာချင်းဆိုင် လမ်းတစ်ဖက်မှ ပြည်နယ် ကျန်းမာရေးရုံးတွင် ရုံးစာလာပို့သည့် မော်တော်ယာဉ်မောင်းတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။

R-07