News

POST TYPE

LATEST NEWS POST

စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ဒေသအချို့ နေရာကွက်၍ မိုးရွာမည်
25-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

နွေဦးကာလ လေထုမတည်မငြိမ်မှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ဒေသအချို့တွင် နောက်သုံးရက်အတွင်း မိုးရွာနိုင်ဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးရွာနိုင်သည့်အပြင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နေ့အပူချိန်များ ယခုထက်ပို၍ မြင့်တက်လာနိုင်ကြောင်း၊ ထို့ပြင် လေထုမတည်ငြိမ်မှု အခြေအနေများလာနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“နွေရာသီ တောင်ပိုင်းစွန်း၊ မြောက် ပိုင်းစွန်းမိုးရွာတာကတော့ ထုံးစံပါပဲ” ဟု ဦးကျော်လွင်ဦးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်နှစ်ရက်အတွင်း မိုးအနည်းငယ်ရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်သည်။ 

ဒေသအလိုက် ထူးခြားသည့် ညအပူချိန်များမှာ ဟဲဟိုးမြို့နှင့် ဟားခါးမြို့တို့တွင် ၄ ဒီဂရီစင်တီဂရိတ်စီ၊ နမ့်စန်မြို့တွင် ၅ ဒီဂရီစင်တီဂရိတ်၊ သီပေါမြို့၊ ပင်လောင်းမြို့နှင့် မိုင်းယန်းမြို့တို့တွင် ၆ ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ပြီး မှတ်သားဖွယ်ရာ မိုးရေချိန်မှာ ခရမ်းမြို့တွင် သုည ဒသမ ၃၉ လက်မဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

E-03