News

POST TYPE

LATEST NEWS POST

ဆရာတော်ဦးဝီရသူကို အရေးယူရန် နှိုးဆော်သည့် ရှင်းလင်းပွဲ နေရာပြောင်း၍ လျှို့ဝှက်ကျင်းပ
25-Feb-2018


ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ဆရာတော်ဦးဝီရသူကို အရေးယူရန် သံဃာတော်များကို နှိုးဆော်သည့် သတင်းစာရှင်းလင်းပွဲကို မူလကြေညာထားသည့်နေရာမှ နေရာပြောင်း၍ လျှို့ဝှက် ကျင်းပခဲ့သည်။

မူလနေရာဖြစ်သော မြန်မာဂျာနယ်လစ်ရုံးခန်း၌ ဖေဖော်ဝါရီလ ၂၅ ရက်တွင်ကျင်းပမည့် “ဦးဝီရသူအား အရေးယူရန် သံဃာတော်များ နှိုးဆော်ခြင်း”အမည်ရှိ သတင်းစာရှင်းလင်းပွဲသို့ သံဃာနှင့် လူပုဂ္ဂိုလ် အများအပြား တက်ရောက်လာသဖြင့် ရွှေ့ဆိုင်းလိုက်ကြောင်း ရှင်းလင်းပွဲ ဦးဆောင်ပြုလုပ်သူ ဘဒ္ဒန္တ ဣဿရိယ (ခ) ဆရာတော် မင်းသုညက မိန့်ကြားသည်။

“မဘသအဖွဲ့တွေကလည်း တော်တော်များတယ်။ သံဃာတွေရော လူတွေရောပဲ။ ပထမ တော်ဝင်နှင်းဆီမှာကျင်းပဖို့က အဲဒီက မရတာနဲ့ မြန်မာဂျာနယ်လစ်ရုံးကလည်း ကျဉ်းတယ်လေ။ သတင်းထောက်တွေလည်း ရှိတယ်လေ။ လူတွေလည်း များတာနဲ့ ဒါကြောင့် ဦးဇင်းက မဘသတွေလည်း ငါးပါးပဲ တက်ပါ။ ဦးဇင်းတို့ဘက်ကလည်း အကုန် မတက်ဘူး။ ငါးပါးပဲ တက်မယ်။ သတင်းစာ ရှင်းလင်းပွဲ ဖြစ်တာကြောင့် ကျန်တဲ့သူတွေ အောက်ကနေပဲ ကြည့်ပါဆိုတာကို လက်မခံဘူး”ဟု မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲ ပျက်ရသည့် အခြေအနေကို ဆရာတော် မင်းသုညက မိန့်ဆိုသည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲကို တော်ဝင်နှင်းဆီ စားသောက်ဆိုင်ခန်းမတွင် ပြုလုပ်ရန် သတင်းမီဒီယာများသို့ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကြေညာခဲ့ပြီး ကျင်းပခွင့်မရသဖြင့် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြောင်းလဲကျင်းပရန် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကြေညာခဲ့သည်။

ယင်းနေရာတွင် ဖေဖော်ဝါရီလ ၂၅ ရက်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ကျောက်တံတားမြို့နယ် ၃၄ လမ်း အလယ် ဘလောက် အိမ်အမှတ် ၁၁ တွင် ကျင်းပရန် ထပ်မံ စီစဉ်ခဲ့သော်လည်း အဆင်မပြေခဲ့သည့်အတွက် သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းမပေါ်ရှိ ရွှေသိင်္ဂီဓမ္မကျောင်း၌ ညနေ ၅ နာရီတွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့သည်။

အဆိုပါ သတင်းစာ ရှင်းလင်းပွဲနှင့် ပတ်သက်သော သတင်းထုတ်ပြန်ချက်တွင် “ရဟန်းတစ်ပါးသည် တာဝန်ရှိသော နိုင်ငံတော် သံဃာ့မဟာနာယကမှ ထုတ်ပြန်ထားသော ဥပဒေများကို လိုက်နာခြင်း မရှိဘဲ ချိုးဖောက် ကျူးလွန်နေခြင်း၊ လူ့အသိုင်းအဝိုင်းကို အန္တရာယ်ပြုသည့် လူသတ်မှုကို ထောက်ခံခြင်း၊ အားပေးခြင်း၊ လူသတ်မှုဖြင့် ခြိမ်းခြောက်ခြင်းတို့ကို စဉ်ဆက်မပြတ်ပြုနေသော ဦးဝီရသူအား သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသလို ဆောင်ရွက်နိုင်ရန် နှိုးဆော်အပ်ပါသည်”ဟု ဖော်ပြထားသည်။

မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် နာယကဆရာတော် ဦးဝီရသူကို ၂၀၁၇ ခုနှစ် မတ်လမှ ၂၀၁၈ ခုနှစ်မတ်လအထိ မြန်မာနိုင်ငံအတွင်း တရားဟောပြောခွင့်ကို ပိတ်ပင်ထားပြီး မလိုက်နာပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သည်ဟု နိုင်ငံတော် သံဃာ့မဟာနာယက က ၂၀၁၇ ခုနှစ် မတ်လ ၉ ရက်တွင် တရားဝင် အသိပေးချက် ထုတ်ပြန်ခဲ့သည်။

ယနေ့ပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲနှင့်ပတ်သက်၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် စာရေးသားခြိမ်းခြောက်မှုများ ရှိသော်လည်း ဖုန်းဖြင့် တိုက်ရိုက် ခြိမ်းခြောက်မှုများ မရှိသေးကြောင်း ဆရာတော် မင်းသုညက မိန့်ကြားသည်။

“သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်ဆိုတာကလည်း တစ်တိုင်းပြည်လုံး ပြည်သူတွေ၊ သံဃာတွေ သိရှိဖို့ပေါ့။ ဘယ်လို အခြေအနေတွေ ရှိနေလဲ၊ တရားဥပဒေမဲ့ ဖြစ်နေတာကို သက်ဆိုင်ရာ ဌာနတွေက ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အင်ဖော်မေးရှင်းပေါ့။ ပြည်သူကို ချပြမယ့်ဟာပါ။ အေးဆေးကျင်းပချင်တာ”ဟု ဆရာတော်က မိန့်ဆိုသည်။

J-18