News

POST TYPE

LATEST NEWS POST

အမေရိကန်အပါအဝင် ၁၀ နိုင်ငံမှပညာရှင်များ စစ်ကိုင်းပြတ်ရွေ့အပိုင်းကို သုတေသနပြုလုပ်


မန္တလေး၊ ဖေဖော်ဝါရီ ၂၄ 

စစ်ကိုင်းမြို့နယ် ရေခါးအင်းမြောက်ဘက်အနီး စစ်ကိုင်းပြတ်ရွေ့အပိုင်းကို အမေရိကန်အပါအဝင် ၁၀ နိုင်ငံမှ ပညာရှင်များက ကွင်းဆင်းသုတေသန ပြုလုပ်နေကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။ 

မန္တလေးပညာရေးကောလိပ်တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကပြုလုပ်သည့် ငလျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်လှူဒါန်းပွဲအခမ်းအနားတွင် ဒေါက်တာမျိုးသန့်က ပြောကြားခြင်းဖြစ်သည်။

စစ်ကိုင်းပြတ်ရွေ့၏ အတိတ်ကာလက လှုပ်ခတ်ခဲ့သည့် အကြိမ်အရေအတွက် ကိုသိရှိနိုင်ရန်၊ ပြင်းအား၊ ငလျင်တစ်ခုနှင့် တစ်ခုကြားတွင် လှုပ်ခတ်ခဲ့သည့် အချိန်ကာလများကို သိရှိနိုင်ရန် သုတေသနပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ယင်းနေရာတွင် ၂၀၁၆ ခုနှစ် မတ်လအတွင်းက မြေကျင်းများတူး၍ သုတေသနပြုလုပ်ခဲ့ကြောင်း၊ သုတေသနရလဒ်များအရ အနည်းဆုံး သုံးကြိမ်ထက်မနည်း ငလျင်လှုပ်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်ရလဒ်နှင့် လက်ရှိသုတေသနပြု၍ ရရှိသည့်ရလဒ်များကို တိုက်ဆိုင် စစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ 

“ဒီအပိုင်းက ၁၉၅၆ ခုနှစ်မှာ နောက်ဆုံးလှုပ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ လှုပ်ခဲ့တဲ့ သုတေသနရလဒ်တွေအရ ဒီအရင် သုံးကြိမ်လောက်လှုပ်ခဲ့ပြီးပါပြီ။ ဘယ်တုံးက လှုပ်ခဲ့တယ်ဆိုတာကတော့ ကာဗွန်သက်တမ်းစစ်ပြီးမှပဲ ပြောနိုင်မယ်”ဟု ဒေါက်တာမျိုးသန့်က ရှင်းပြသည်။ 

ယင်းသုတေသနလုပ်ငန်းများကို စင်ကာပူနိုင်ငံအခြေစိုက် မြေကမ္ဘာ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးဆောင်၍ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အမေရိကန်၊ တရုတ်၊ ထိုင်ဝမ်နိုင်ငံတို့မှ ပညာရှင်များက ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ သုတေသနပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှ သိရသည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီနှင့် တက္ကသိုလ်အသီးသီးရှိ ဘူမိဗေဒဌာနမှ ဆရာ၊ ဆရာမများပါဝင်သည့် ပူးပေါင်းအဖွဲ့သည်လည်း ဇန်နဝါရီလအတွင်းက စစ်ကိုင်းပြတ်ရွေ့၏ နေပြည်တော်အပိုင်းကို သုတေသနပြုလုပ်ခဲ့ပြီး သပိတ်ကျင်းအပိုင်းကိုလည်း သုတေသနပြုလုပ်ရန် စီစဉ်နေသည်။ 

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံတောင်ဘက် အက်ဒမန်ပင်လယ်မှ မြန်မာပြည်မြောက်ပိုင်း ပူတာအိုမြို့အထိ ကီလိုမီတာ ၁၂၀၀ ခန့်ရှည်လျားပြီး ၁၈၉၉ ခုနှစ်တွင် အင်းဝငလျင်၊ ၁၉၃၀ ခုနှစ်တွင် ပဲခူးငလျင်၊ ၁၉၅၆ ခုနှစ်တွင် စစ်ကိုင်းငလျင်၊ ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်းငလျင်တို့ လှုပ်ခတ်ခဲ့ဖူးကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။