News

POST TYPE

LATEST NEWS POST

ဂျေရုဆလင် အမေရိကန်သံရုံး မေလတွင်ဖွင့်ရန် အဆင်သင့်ဖြစ်
25-Feb-2018



ဂျေရုဆလင်၊ ဖေဖော်ဝါရီ ၂၄

အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကို ဂျေရုဆလင်တွင် မေလအတွင်း ဖွင့်လှစ်ရန် အဆင်သင့်ဖြစ်နေပြီဟု အမေရိကန် နိုင်ငံခြားရေးဌာနက သောကြာနေ့တွင် ပြောကြားလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

ဂျေရုဆလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သောဒီဇင်ဘာလက ပြောကြားခဲ့ရာ အမေရိကန်၏ အာရပ်မိတ်ဆွေများနှင့် ပါလက်စတိုင်းတို့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်သာနော်ရတ်က “ဒီလို သမိုင်းဝင်မယ့်ခြေလှမ်းအတွက် စိတ်လှုပ်ရှားမိပါတယ်။ မေလမှာဖွင့်နိုင်ဖို့ မျှော်လင့်ထားပြီး အစ္စရေးနိုင်ငံ ထူထောင်မှု နှစ် ၇၀ ပြည့်နဲ့လည်း တိုက်ဆိုင်နေပါတယ်”ဟု ပြောကြားသည်။

အမိုနာရပ်ကွက်တွင် ကောင်စစ်ဝန်ရုံးကို ဖွင့်လှစ်ကာမှန်မှန်တိုးချဲ့သွားမည်ဖြစ်ပြီး အမြဲတမ်းနေရာအတွက် ရှာဖွေခြင်းကိုလည်း ရေရှည်မျှော်မှန်းလုပ်ဆောင်သွားမည်ဟု သူမကပြောကြားသည်။

လောလောဆယ် ယာယီသံရုံးတွင် သံအမတ်ကြီးနှင့် ဝန်ထမ်းများအတွက် ရုံးခန်းများ ပါဝင်မည်ဖြစ်ပြီး အမိုနာသံရုံးဝင်းအတွင်း သံရုံးအဆောက်အအုံသစ်ကို ၂၀၁၉ နှစ်မကုန်မီ ဖွင့်လှစ်သွားမည်ဟု သူမကဆိုသည်။

အရှေ့ဂျေရုဆလင်မှ အမေရိကန်ကောင်စစ်ဝန်က ပါလက်စတိုင်းများအတွက် ဆက်လက်တာဝန်ယူလုပ်ဆောင်ပေးမည်ဖြစ်ပြီး သံအမတ်ကြီးဒေးဗစ်ဖရက်မန်းမှာမူ လုံခြုံရေးကြောင့် တဲလ်အဗစ်မြောက်ပိုင်း ဟာဇလီယာရပ်ကွက်တွင် ဆက်လက်နေထိုင်ကာ သံရုံးအသစ်သို့ လာရောက်ရုံးတက်မည်ဟု အမည်မဖော်လိုသော အရာရှိတစ်ဦးက ပြောကြားသည်။

မေလတွင် ဖွင့်လှစ်မည့် အစီအစဉ်သည် မူလမျှော်မှန်းထားသည်ထက် အချိန်စောသည်ဟု အမေရိကန် ဒုသမ္မတမိုက်ပင့်စ်က မှတ်ချက်ပေးသည်။

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူက “ဒီကိစ္စကို လက်မခံနိုင်ပါဘူး။ ဒီလိုတစ်ဖက်သတ်လုပ်ဆောင်တာဟာ ဘောင်မဝင်ပါဘူး။ ပြီးတော့ ဒေသတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို အတားအဆီးဖြစ်စေပါလိမ့်မယ်”ဟု ဝေဖန်ပြောကြားသည်။

မတ်လ ၅ ရက်တွင် ဝါရှင်တန်သို့ သွားရောက်ရန် အစီအစဉ်ရှိသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟူသည် ထရမ့်အစိုးရနှင့် အဆက်အသွယ်မပြတ်ရှိနေပြီး အမေရိကန်အစိုးရက ကြေညာချက်ထုတ်ပြန်မည့်အချိန်တွင် အစ္စရေးဘက်က ကြေညာချက်ကို ထုတ်ပြန်သွားမည်ဟု အစ္စရေးအစိုးရအသိုင်းအဝိုင်းက ပြောကြားသည်။

သောကြာနေ့က ဝါရှင်တန်ကွန်ဆာ ဗေးတစ်များစုဝေးပွဲတွင် မိန့်ခွန်းခြွေသော သမ္မတထရမ့်က “ကျုပ်က ကျုပ်လုပ်နိုင်မယ့်အရာကိုပဲ ထုတ်ပြောလေ့ရှိပါတယ်။ ဒီကိစ္စကို နိုင်ငံတွေအများကြီးက မလုပ်ပါနဲ့၊ မလုပ်လိုက်ပါနဲ့လို့ ပြောဆိုပြီးဖိအားပေးနေကြတယ်”ဟု ပြောကြားခဲ့သည်။

F-04