News

POST TYPE

LATEST NEWS POST

စစ်တွေ၌ ပြည်နယ်အစိုးရ အတွင်းရေးမှူးအိမ် အပါအဝင် ဗုံးသုံးလုံး ပေါက်ပြီးနောက် လုံခြုံရေး တိုးမြှင့်
24-Feb-2018


စစ်တွေ၊ ဖေဖော်ဝါရီ ၂၄ 

စစ်တွေမြို့ ပြည်တော်သာရပ်ကွက် ရှိ ပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏အိမ်နှင့် ပြည်နယ် တရား လွှတ်တော်ရုံးရှေ့၊ ပြည်နယ်မြေစာရင်း ဦးစီးဌာနရုံးရှေ့တို့တွင် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၄ နာရီ ၁၀ မိနစ်က လက်လုပ်မိုင်း ဆက်တိုက် ပေါက်ကွဲခဲ့သဖြင့် စစ်တွေမြို့တွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။ 

အဆိုပါ မိုင်းပေါက်ကွဲမှုမှာ ဦးတင်မောင်ဆွေ အိမ်အနောက်ဘက် ခြံတံခါးအနီးတွင်စတင်ကာ ပေါက်ကွဲခဲ့ပြီး ကျန်နေရာများတွင် မိနစ်အနည်းငယ်သာခြားကာ ဆက်တိုက် ပေါက်ကွဲခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။ 

ယင်းပေါက်ကွဲမှုကြောင့် ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ အိမ်အနောက်ဘက် ခြံတံခါး၊ 
လုံခြုံရေးအဆောင်၊ ကားနှစ်စီးပြတင်း ပေါက်မှန်များကွဲခြင်း၊ ပြည်နယ်တရား လွှတ်တော်ရုံးတွင်လည်း ပြတင်းပေါက်မှန်ကွဲခြင်းနှင့် ရုံးရှေ့ ထရန်စဖော်မာ ပျက်စီးခြင်း၊ လမ်းမပေါ်ရှိ ပလက်ဖောင်းများလည်း ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“မထင်မှတ်တဲ့အချိန် လူသွားလူလာ နည်းတဲ့အချိန်မှာ လုပ်သွားတာဖြစ်တယ်၊ ဒေသန္တရ လက်လုပ်မိုင်းကို အဝေးထိန်းစစ်နစ်နဲ့ ဖောက်ခွဲတာလို့ ယူဆရပါတယ်”ဟု ပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးကြီး အောင်မြတ်မိုးက ပြောဆိုသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဦးတင်မောင်ဆွေအိမ်တွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေသော ရဲတပ်သား မောင်နန်းတင်(၂၃ နှစ်) ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ကြောင်း စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ဂျိမ်းဆိုတာနဲ့ အိမ်တုန်သွားတာ အိမ်ခေါင်မိုးပေါ်မှာ တင်နေတဲ့နှင်းပေါက်တွေ ထက်ခုန်ပြီးတော့ မိုးရွာသူလို ရွာချက်လိုက်လို ဖြစ်သွားတာပဲ လန့်သွားတာ”ဟု မိုင်းပေါက်ကွဲမှုဖြစ်ပွားသော အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။ 

မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ က ရှင်းလင်းရေး ဆောင်ရွက်ရာ ဦးတင်မောင်ဆွေ နေအိမ်ခြံဝန်းထဲ၌ မပေါက်ကွဲသေးသော မိုင်းတစ်လုံးနှင့် ကျန်ရှိနေသည်ကို မြေစာရင်းဦးစီးဌာန ရုံးနောက်တွင်လည်း မိုင်းနှစ်လုံးကို ထပ်မံ တွေ့ရှိကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

စစ်တွေမြို့တွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားသော နေရာအနီးနှင့် လမ်းများကို နံနက်ပိုင်းက တာဝန်ရှိသူများက ပိတ်ဆို့ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ပြန်လည် ဖွင့်လှစ်ထားကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကို စစ်တွေမြို့အဝင်ဂိတ်၊ ရန်ကုန်-စစ်တွေ ကားလမ်းနှင့် လေဆိပ်တို့တွင် ရှာဖွေစစ်ဆေးခြင်းနှင့် လုံခြုံရေးအင်အားကို ယခင် ထပ်တိုးမြှင့်ချထားကြောင်း ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယနေ့ နံနက်ကိုင်းအချိန်က ပေါက်ကွဲမှုဖြစ်ပွားသော နေရာများအနီး လမ်းများကို ပိတ်ဆို့ထားခဲ့သော်လည်း ယခုအချိန်၌ ပြန်လည်ကာ ဖွင့်လှစ်ထားပြီ ဖြစ်သည်။ လက်ရှိအချိန် စစ်တွေမြို့ဝင်ဂိတ်နှင့် ရန်ကုန်-စစ်တွေ ကားလမ်းတို့၌ ပိတ်ဆို့ ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိပြီး စစ်တွေမြို့ပေါ်တွင်လည်း လုံခြုံရေး တိုးမြှင့်ချထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး အောင်မြတ်မိုးက ပြောဆိုသည်။ 

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရိုးမဘဏ်ခွဲ ၁ နှင့် ဧရာဝတီဘဏ်ကြားတွင် ဖေဖော်ဝါရီလ ၂၁ ရက် ညနေပိုင်းက ချိန်ကိုက်မိုင်း ပေါက်ကွဲရာမှ နှစ်ဦး သေဆုံးပြီး လူ ၃၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

R-22