News

POST TYPE

LATEST NEWS POST

ဦးဝင်းထိန်နုတ်ထွက်စာ ပါတီမှ လက်ခံရရှိခြင်း မရှိသေးဟုဆို
24-Feb-2018 tagged as NLD ဦးဝင်းထိန်


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်) ပါတီ၏ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန် နုတ်ထွက်သည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း စာကိုလက်ခံရရှိခြင်း မရှိသေးသဖြင့် ယင်းကိစ္စကို ဆွေးနွေးခြင်း မရှိကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၂၄ ရက်က နေပြည် တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်သည့် ပါတီ၏ CEC (ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ၎င်းက မီဒီယာများကို ပြောကြားလိုက်ခြင်းဖြစ်သည်။

“ဦးဝင်းထိန်ကိစ္စ ကျွန်တော် ဘာမှ မသိပါဘူး။ ကျွန်တော်လည်း သူများတွေ ပြောလို့ ကြားတယ်၊ ကျွန်တော့်ဆီ မရောက်သေးပါဘူး”ဟု ၎င်းကဆိုသည်။

ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ပါတီညီလာခံကို ယခုနှစ်အတွင်း ကျင်းပနိုင်ရန် အချိန်ယူ၍ ဆွေးနွေးခဲ့ကြပြီး ဦးဝင်းထိန်နှင့် ပါတီကိစ္စ သာမက အစိုးရအဖွဲ့ အပြောင်းအလဲ ကိစ္စများကိုပါ ထည့်သွင်းဆွေးနွေးမှု မရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ပါတီ ညီလာခံ တစ်ခုလုပ်ဖို့ စဉ်းစားထားတယ်၊ ရက်တွေ ဘာတွေ မသတ်မှတ်သေးဘူး၊ ခန့်မှန်းခြေ ဒီနှစ်ထဲမှာ လုပ်ဖို့၊ လုပ်လို့ရှိရင် ဘာတွေလုပ်သင့်တယ်ဆိုတာ အတော်များများ ဒီနေ့ ဆွေးနွေးကြတာပါ”ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယင်းပါတီညီလာခံ လိုအပ်ချက်များ ရှာဖွေလုပ်ဆောင်ဆွေးနွေးကြပြီး ယင်းညီလာခံတွင် ပုံမှန်ပြုလုပ်နေကျဖြစ်သော CEC ရွေးချယ်ခန့်အပ်မှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆိုသည်။

NLD ပါတီ၏ ဩဇာကြီး ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်သည် ၎င်း၏ သားမင်္ဂလာပွဲအပြီး ရက်ပိုင်းအကြာ ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် ဩစတြေးလျနိုင်ငံသို့ ထွက်ခွာသွားပြီးနောက် ပါတီမှ နုတ်ထွက်သည်ဟုလည်းကောင်း၊ ပါတီကို ခွင့်တိုင်ခြင်း မရှိဟုလည်းကောင်း သတင်းစကားများ ကြားနေရခြင်း ဖြစ်သည်။

၎င်း၏ပြည်ပ ခရီးသွားသည့်ကိစ္စနှင့်ပတ်သက်၍ ပါတီကို ခွင့်တိုင်ကြားခြင်းမရှိခဲ့ဟု ဦးဉာဏ်ဝင်းက ပြောကြားထားသည်။

S-01