News

POST TYPE

LATEST NEWS POST

စစ်တွေ အအေးခန်းစက်ရုံတွင် အလုပ်သမားများ အလုပ်ထုတ်ခံရမှု ညှိနှိုင်းပေးရန် အစိုးရထံ တောင်းဆို
23-Feb-2018



စစ်တွေ၊ ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက်ရှိ Gallant Ocean Co.,Ltd. အအေးခန်းတွင် အမျိုးသမီးဝန်ထမ်း ၁၉ ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ခံရမှုကြောင့် ဖြေရှင်းပေးရေးအတွက် အမျိုးသမီးဝန်ထမ်း ၁၀၀ ကျော်က ဖေဖော်ဝါရီလ ၂၂ ရက် နံနက်ပိုင်းက ပြည်နယ် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရုံးထံ လာရောက်တောင်းဆိုခဲ့သည်။ 

အဆိုပါ အအေးခန်းစက်ရုံသည် တရုတ်လူမျိုးလုပ်ကိုင်ပြီး အလုပ်သမား ၂၀၀ ခန့်ရှိကြောင်း၊ လက်ရှိတွင် ကုန်ချိန်နည်းပါးလာသဖြင့် အလုပ်သမားများကို လျှော့ချလိုက်ခြင်းဖြစ်ကြောင်း၊ မတ်လ ၂၁ ရက်တွင် အလုပ်သမားများကို အလုပ်ထုတ်ရန်အတွက် အလုပ်ထုတ်စာပေးထားပြီး နစ်နာကြေးမပေးသဖြင့် အလုပ်သမားများက သုံးလစာ နစ်နာကြေး တောင်းဆိုခဲ့ကြောင်း၊ တောင်းဆိုရာတွင် အလုပ်ရှင်က မပေးသဖြင့် အလုပ်သမားရုံးတွင် တောင်းဆိုရခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ 

“ကျွန်မတို့က ဘာလို့ထုတ်တာလဲမေးတော့ ကုန်နည်းလို့ထုတ်တယ်ပြောတယ်။ သူတို့ မိုးရာသီဆိုရင် အလုပ်များတဲ့အခါမှာတော့ ခန့်ချင်သလိုခန့်ပြီး ထုတ်တော့ လွယ်လွယ်လေးနဲ့ ဘယ်ရမလဲ။ ပြီးတော့ မဲနှိုက်ပြီးထုတ်တာတဲ့”ဟု အလုပ်ထုတ်ခံရသူများထဲတွင်ပါဝင်သူ မခင်မျိုးသန်းက ပြောသည်။

အလုပ်သမားများအနေနှင့် လုပ်ငန်းတာဝန်အပြင် အထက်အရာရှိများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလုပ်ငန်းများကို ခိုင်းစေခြင်းကြောင့် ဝန်ထမ်းများက လုပ်ဆောင်ပေးရကြောင်း၊ ထိုသို့ ခိုင်းစေရာတွင် အဝတ်လျှော်ခိုင်းခြင်း၊ ကားရေဆေးခိုင်းခြင်း၊ ထမင်းချက်ခိုင်းခြင်းများကိုလည်း ခိုင်းစေကြောင်း အလုပ်သမားများက ပြောကြားသည်။ 

“အဆုံးပြောရရင် မိန်းမတွေရဲ့ လစဉ်သုံးဟာတွေကိုတောင် လိုက်လုပ်ပေးရတယ်”ဟု အအေးခန်းဝန်ထမ်း မဦးဝင်းစိန်ကပြောသည်။ 

အဆိုပါ စက်ရုံက အလုပ်သမားများကို နံနက် ၈ နာရီမှ ညနေ ၅ နာရီ အထိ အလုပ်ချိန် သတ်မှတ်ထားပြီး အချိန်ပိုလည်း လုပ်ဆောင်ရကြောင်း၊ တစ်လလျှင် ကျပ်ရှစ်သောင်းမှ တစ်သိန်းကျော်အထိ ရရှိပြီး ပုစွန်ကုန်ချိန်နည်းပါးခြင်းကြောင့် ငါး၊ ကဏန်းများကိုပါ လုပ်ဆောင်ရကြောင်း မစန်းမိုးနွေကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ယင်းစက်ရုံမှာ မန်နေဂျာ ဦးကျော်လင်းနှင့် အလုပ်ထုတ်ခံရသူအချို့ ဖေဖော်ဝါရီလ ၂၂ ရက်က ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊ အလုပ်သမားများက ၎င်းတို့ကို မလျှော့ချဘဲ အလုပ်ပြန်လည်ကာ မူလနေရာ၊ ရာထူးအတိုင်း ပြန်လည်ခန့်အပ်ရန်၊ အလုပ်ရှင်အနေနှင့် အလုပ်သမားများနှင့် ပြေလည်စွာဆက်ဆံပြီး အလုပ်နှင့် မသက်ဆိုင်သည့်အလုပ်များကို မခိုင်းစေရန်၊ တစ်ပတ်လျှင် တစ်ရက် အလှည့်ကျနားရက်ပေးရန်နှင့် လစာငွေပေးချေရာတွင် မြန်မာစာဖြင့် ရေးသားဖော်ပြပေးရန်တို့ကို နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ 

“ကျွန်တော်တို့မှာ စခေါ်ကတည်းက သတ်မှတ်ထားပြီးသားပါ၊ ဘာအလုပ်လုပ်မယ်၊ လခ ဘယ်လောက်ရှိမယ်၊ တစ်နေ့ကို ဘယ်နှနာရီလုပ်ရမယ်၊ OT (အချိန်ပို) ရှိရင် OT ခိုင်းမယ်၊ နောက် ခံစားခွင့်တွေရှိရင် ခံစားခွင့်တွေပေးရမယ် စသဖြင့် အလုပ်ရှင်အလုပ်သမား သဘောတူစာချုပ်အတိုင်း လုပ်ရတယ်”ဟု ရခိုင်ပြည်နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ ပြည်နယ်အလုပ်သမားဦးစီးမှူး ဦးအောင်ငြိမ်းက ပြောသည်။

စာချုပ်အတိုင်း အလုပ်ရှင်ဘက်မှ လိုက်နာခြင်းမရှိပါက ဥပဒေအတိုင်း အရေးယူဆောင်ရွက်မည်ဖြစ်ပြီး ယခု ပထမအကြိမ်အဖြစ် သတိပေးလိုက်ကြောင်း၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် အအေးခန်းစက်ရုံကို တာဝန်ရှိသူများ သွားရောက်စစ်ဆေးမည်ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

စက်ရုံတွင် စားဖိုမှူးနှစ်ဦးရှိသည့်အနက် တစ်ဦးအလုပ်ပျက်သဖြင့် ဝန်ထမ်းအချို့ကို ဝိုင်းကူခိုင်းခြင်းဖြစ်ကြောင်း၊ အမျိုးသမီးသုံးများကိုလည်း မခိုင်းစေကြောင်း၊ ဝန်ထမ်းအချို့ကို နားခိုင်းရာတွင် နစ်နာကြေးငွေပေးသော်လည်း သုံးလအထိမပေးခြင်းသာ ဖြစ်ကြောင်း၊ လက်ရှိတွင် နှစ်ဖက်အဆင်ပြေသွားပြီဖြစ်ပြီး အလုပ်များကို ပုံမှန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါ စက်ရုံမှာ မန်နေဂျာ ဦးကျော်လင်းက ပြောသည်။

R-22